....ဒီနေ့ တော့အောင်သွေးရဲ့ စာဖတ်ပရိဿတ်(နှစ်ယောက်လောက်ပဲပုံမှန်ဖတ်တါပါဗျာ ၊ ဒါတောင်ကျနော်နဲ့  နောက်တယောက်ခင်ဗျ ) ကို တောင်းပန်ရဦးတော့မှာပါ ။ ကျနော်ကရေးချင်တာတွေများပီး ဟိုရောက်ဒီရောက်ရေးနေမိပါတယ် ။ ခေတ်မှီမှီပြောရရင် တော့ စိတ်အလျင်ရေးနည်း ပေါ့ဗျာ ( ပို့ စ်မော်ဒန်သမားတွေကဆဲကြတော့မှာ ) ဒါကြောင့် ဒီလိုရေးနေတာတွေကိုသီးခံပီးဖတ်ကြပါလို့  တောင်းပန်ပါတယ်ဗျာ ။
စိတ်ဆိုတာဆန်းကြယ်ပါတယ်ဗျာ ။ မနေ့ ကကျနော့အဖိုးလေးကိုသတိရလို့ ဒီနေ့ တော့ကျနော့ အဖိုးလေးအကြောင်းရေးလိုက်အုံးမယ်ဗျာ ။ ကျနော့အမေက ပအိုဝ့် လူမျိုးပါ ၊ သထုံဘက်ကပေါ့ ။ အမေ့မှာ ညီအကိုမောင်နှစ်မ မရှိပါဘူး ။ အဲ ဒါပေမယ့် ကျနော့အဖွား(အမေ့ ရဲ့ အမေ )မှာတော့မောင်နှစ်မတွေများပါတယ်။ အဲဒီထဲကထူးခြားတဲ့နှစ်ယောက်ကိုပဲရေးမှာပါ ။ ကျနော့အဖွားမှာ မောင်ငယ်တယောက်ပဲရှိပါတယ် ။ ဦးစိန်လှအောင် တဲ့ ကျနော်တို့ ကအဖိုးလေးလို့ ပဲခေါ်ပါတယ် ။ ဦးနုပြည်ပြေးဘ၀နဲ့  ထိုင်းမှာပြည်ချစ်ပါတီထောင်တော့ အဖိုးလေးက ပြည်ချစ်ပါတီရဲ့ နိုင်ငံရေးသင်တန်းမှုးပါ ။ ရန်ကုန်ဗဆွေတို့ လက်နက်ချလာတဲ့အချိန်လောက်မှာပဲအဖိုးလေးလဲ ပစ္စတိုသေနတ်တလက်နဲ့  လက်နက်ချလာပါတယ် ။
အဖိုးလေးကဘယ်သူနဲ့ သွားတူသလဲဆိုတော့အခု နှစ်ရှည်ထောင်ကျခံနေရရှာတဲ့ ရှမ်းအမျိုးသားခေါင်းဆောင် ဦးဆေထင်နဲ့  အတော်တူတယ်ခင်ဗျ ။ မျက်နှာပေါက်ရော မျက်မှန်တပ်တာရော အရပ်အမောင်းရောပဲဆိုပါတော့ဗျာ ။ အသားအရောင်ကလဲရှမ်းနဲ့ ပအိုဝ့်ဆိုတာက တမျိုးထဲလိုလိုပါပဲ ။ ကွာတာကတော့ ဦးဆေထင်က မွန်မွန်ရည်ရည်နဲ့ အေးအေးဆေးဆေးစကားပြောတတ်ပီး ၊ ကျနော့အဖိုးလေးက စကားကိုအာဘောင်အာရင်းသန်သန်နဲ့  တဟားဟားပြောတတ်တာပဲခင်ဗျ ။ သီချင်းဆိုရင်အသံလဲကောင်းပါတယ်။ သူဆိုနေကျသီချင်းက (ဧရာဝတီ- ဧရာဝတီ -ဧရာဝတီ-တကယ်ပဲဆည်းဆာပန်းချီ) ဆိုတဲ့သီချင်းပါ ။ ပန်ဆန်းကာလတွေမှာ ဦးဆေထင်ကိုတွေ့ ရင် ကျနော်က အဖိုးလေးကိုသတိရနေမြဲပါ ။ အဖိုးလေးက ကျနော်တို့ ကိုငယ်ငယ်ကထဲက လေ့ကျင့်မွေးမြူခဲ့ပါတယ် ။ ကျနော်တို့ ညီအကို တွေကို ရန်ကုန်ကိုခေါ် ၊ တောသားတွေကိုလေယာဉ်ပျံ မြင်ဘူးအောင်ပြမယ်ဆိုပီး မင်္ဂလာဒုံလေယာဉ်ကွင်းကိုခေါ်သွား ၊ လေယာဉ်ပျံ ဆိုတာဒါပဲလို့ ပြ ( တကယ်လဲ အောင်သွေးတော့လေယာဉ်ပျံဆိုတဲ့ ဟာကြီးကို အဲဒီအခါကပဲနီးနီးကပ်ကပ်တွေ့ ဖူးပါတယ် ။ တော်လှန်ရေးထဲမှာတော့ အဲဒီကောင်တွေက ပုဇဉ်းတွေလိုခပ်လှမ်းလှမ်းကဗုးံကျဲလိုက် ပြန်ပြေးသွားလိုက် ၊ စက်သေနတ်နဲ့ လာပစ်လိုက် ပြန်ပြေးသွားလိုက်နဲ့ သေသေချာချာမမြင်ဘူးပါဘူး ) ။ အဲဒီလေဆိပ်မှာ မှတ်မှတ်ရရကော်ဖီအအေးဆိုတာကိုလဲတိုက်လိုက်သေးတယ်ခင်ဗျ ။ နောက်ပီးကိုယ်ကာယကျန်းမာသန်စွမ်းရမယ် လို့ ပြောလဲပြောအဲဒီတုန်းကခေတ်စားနေတဲ့ အလေးမ၀ိတ်ပြားတွေနဲ့ ရော့(က် )တန်တချောင်း ၊ လက်နဲ့ ဆွဲရတဲ့စပရိမ်လေးချောင်းပါတဲ့ဟာကြီးစတာတွေကို ၀ယ်ပေးလိုက်သေးတယ်ခင်ဗျ ။ ရန်ကုန်ကသူ့ အိမ်ကိုကျနော်လွမ်းပါတယ် ။ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့  မှာပါ (စမ်းရေ တွင်း) ရပ်ကွက်လို့ ခေါ်ပါတယ် ။ သူ့ မှာသားသမီး မထွန်းကားပါဘူး ။ မွေးစားထားတဲ့သမီးတယောက်တော့ ရှိပီး ဗိုလ်မှူးဖိုးကွန်းရဲ့ သား ဗိုလ်ခင်မောင်လေး (အရာခံဗိုလ်) နဲ့ အိမ်ထောင်ကျ နေပါတယ် ။ ကျနော်မှတ်မိသလောက် အဲဒါ ၁၉၆၅ လောက်လို့  ထင်မိပါတယ် ။ မှတ်မိနေတာကတော့ ရန်ကုန်သင်္ကြန်ပါပဲ အဖိုလေးတို့ အိမ်ရှေ့ မှာကျနော်တို့ ရေပက်တော့ ဖြတ်သွားတဲ့ သံချပ်ကားတွေက ခွေးလယားသီး တောအနှ့ံတဲ့ ၊ တောင်လေတိုက်လေမောင်မောလေတဲ့ ။ အဲဒါတော့မှတ်မိနေပါတယ် ။ ဒီလိုနဲ့ အဖိုးလေးအလင်းဝင်လာပီးတော့ ရန်ကုန်မှာမနေပဲ ကျနော်တို့ ဆီမှာလာနေပါတယ် ။ သူကအမေ့ကိုသိပ်ချစ်ပါတယ် ။ အမေကလဲသူ့ ကိုအတော်ဂရုစိုက်ပါတယ် ။ ကျနော်ဒီဘက်ထွက်လာပီးတော့လဲ ကျနော်တို့ အိမ်မှာပဲ သူ့  ဘ၀ရဲ့နောက်ဆုံးရက်တွေ ဖြတ်သန်းခဲ့ပါတယ်။ လေလဲဖြတ်သွားတယ်ဆိုလားပါပဲ ။ သေသေချာချာတော့မသိတော့ပါဘူး ။ ကျနော်ဒီဘက်ထွက်မလာခင် အဖိုးလေးနဲ့ ကျနော်စကားများခဲ့ဖူးပါတယ် ။ သူကဟိုတုန်းကတော့ တ၀ါးဝါးတဟားဟားနဲ့ နိုင်ငံရေးတွေကိုပြောခဲ့တာပါ ။ အပြောလဲကောင်းပါတယ်။ သူပြောနေရင်သူ့ လေကိုဘယ်သူမှမတိုးနိုင်ပါဘူး ။ အဲ - သူလက်နက်ချလာပီးနောက်မှာ သူကစကားနဲလာပါတယ် ။ ပီးတော့ ရွှေရင်ကျော်ဂိုဏ်းဝင်ဖြစ်လာပီး တက်တူထိုးတဲ့ကြေးစုတ်တံတွေလဲရှိတယ်ခင်ဗျ ။ ကျနော်ကတော့ဘာမှမပြောပါဘူး ။ သူစားချင်တာလေးတွေဝယ်ကြွေး ။ (ကျနော်ကအလုပ်ရနေပါပီ ) သူ့ ကိုချစ်လဲချစ် ၊ မိန်းမလဲဆုံး ၊ မွေးစားသမီးကလဲ ပစ်ထားတော့သနားလဲသနားပေါ့ ။ အဲ တရက်မတော့ ဘယ်ကဘယ်လိုစိတ်ကူးပေါက်တယ်မသိပါဘူး ။ ကျနော့ကိုစေ့စေ့စပ်စပ်ကြည့်ပီး (လူငယ်တွေကိုဖျက်ဆီးနေတာ - ကွန်မြူနစ်ဝါဒကွ) လို့  ပြောပါလေရောခင်ဗျာ ။ အဖေကတောင် ကျနော့ကိုဘာမှမပြောပဲ သူကပြောလာတော့ ကျနော့ပါးစပ်ကလဲထိန်းမရဘူးခင်ဗျ ။ အဖိုးလေးတို့ လူကြီးတွေကို ဖျက်ဆီးနေတာ လဲ အရင်းရှင်ဝါဒဗျလို့ ပြန်ပြောမိပါတယ် ။ အဲဒီနေ့ ကစပီးကျနော့ ကိုစကားမပြောတော့ပါဘူးဗျာ ။ ကျနော်တော်လှန်ရေးထဲထွက်လာခဲ့တဲ့အထိဆိုပါတော့ ။ အင်း - သတိရစရာလေးတွေပါပဲဗျာ ။ .
Subscribe to:
Post Comments (Atom)

No comments:
Post a Comment