ကျနော့ ဦးလေး--ဂီတာသောင်း
ကျနော့ ဦးလေးကိုကျနော်သတိတရစာဖွဲ့ ရတာက သူလိုလူမျိုးဗမာပြည်မှာတထောင်မှာတယောက် တောင်ရှိနိုင်မယ်မထင်လို့ ပါ။ လွန်လွန်ကဲကဲပြောရရင်တော့တသောင်းမှာတယောက်ပေါ့။ ကျနော့ စာဖတ်ပီးမှ-မိတ်ဆွေများဆုံးဖြတ်ပေးကြပါ။
ကျနော့ အမေရဲ့အမေမှာမွေးချင်းမောင်နှမလေးယောက်ရှိပါတယ်။ မ-၃-ကျား-၁-ပေါ့။ဒီထဲကမှ အခုကျနော်ပြောမှာက အမေ့အမေ(ကျနော့ အဖွား)နဲ့ သူ့ ညီမအကြောင်းပါပဲ။ အဖွားနာမည်က-အေးရင်။ အဖွားညီမနာမည်ကလှရင် တဲ့။ အဖွားတို့ မောင်နှမတွေဟာ ဇာတိကသထုံပအိုဝ့်လူမျိုးတွေပါ။ ကျနော့ အဖွားမှာ တဦးတည်းသော ကျနော့ အမေသာရှိပီး သူ့ ညီမမှာတော့သားယောက်ျးချည်းပဲငါးယောက်နဲ့ အငယ်ဆုံးသမီးတယောက်ရှိပါတယ်။
၁ ။ အကြီးဆုံးကဘကြီးထွန်းကြည်ဖြစ်ပီး စစ်တပ်ထဲဝင်ခဲ့ရာက မဆလခေတ်မှာ အရှေ့ ဂျာမဏီကိုငွေစက္ကူပုံနှိပ်ထုတ်ဝေရေးပညာတော်သင်သွားရပီး ပြန်လာတော့ ၀ါဇီစက်ရုံမှာ မိသားစုလိုက်အကျယ်ချုပ်ဘ၀နဲ့ မဆလစစ်အစိုးရကိုသေတပန်သက်တဆုံးအလုပ်အကြွေးပြု ခဲ့ရသူပါ။
၂ ။ ဒုတိယကအခုကျနော်ရေးမယ့် ဂီတာသောင်းဖြစ်ပီး ငယ်ငယ်ကကျောက်ရောဂါခံစားခဲ့ရတာကြောင့် မျက်လုံး-၂ဖက်မမြင်ခဲ့ရတော့ပါ။