Monday, April 27, 2009
.အောင်မယ်လေးဗျာ----
အခုမှပဲ စာရေးခွင့်ရတော့တယ် ။
ပီးခဲ့တဲ့တရုပ်နှစ်သစ်ကူး ကထဲက ရေးခွင့်မရတာ။ ကျနော့ကို ဘလော့ဆက်မရေးဘို့  တရုပ်က တားပါတယ်။ ဒါကြောင့်မရေးဖြစ်တာပါ ။ ခင်ဗျာ--- မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ တရုပ်အစိုးရကမဟုတ်ပါဘူး။ ခင်ဗျားတို့ကလဲ တဆိတ်ရှိတရုပ်အစိုးရကိုပဲမြင်နေတာကိုးဗျ။ ကျနော်ပြောတာက ကျနော့်မဟေသီတရုပ်မက နှစ်သစ်ကူးမှာအလုပ်တွေများတာကြောင့် ဘလော့ခဏနားပါလို့ ပြောလို့ ပါ ။ ဒါနဲ့ ကျနော်က  စာရေးတာတွေနားပီး အိမ်သန့် ရှင်းရေးလုပ်တာတို့ ဖုံတက်နေတဲ့ ပရိဘောဂတွေကိုဆေးကြောတာတို့ ဘာတို့ ပေါ့ဗျာ၊ အဲတရုပ်နှစ်သစ် ကူးပီးတော့လဲ တရုပ်ဓလေ့အရ ဆွေမျိုးသားချင်းတွေဆီကိုအလည်အပတ်သွားရပါတယ်။ ဒါမှဆွေစဉ်မျိုးဆက်အဆက်ရပီး
Thursday, January 22, 2009
....ဒီနေ့ တော့အောင်သွေးရဲ့ စာဖတ်ပရိဿတ်(နှစ်ယောက်လောက်ပဲပုံမှန်ဖတ်တါပါဗျာ ၊ ဒါတောင်ကျနော်နဲ့  နောက်တယောက်ခင်ဗျ ) ကို တောင်းပန်ရဦးတော့မှာပါ ။ ကျနော်ကရေးချင်တာတွေများပီး ဟိုရောက်ဒီရောက်ရေးနေမိပါတယ် ။ ခေတ်မှီမှီပြောရရင် တော့ စိတ်အလျင်ရေးနည်း ပေါ့ဗျာ ( ပို့ စ်မော်ဒန်သမားတွေကဆဲကြတော့မှာ ) ဒါကြောင့် ဒီလိုရေးနေတာတွေကိုသီးခံပီးဖတ်ကြပါလို့  တောင်းပန်ပါတယ်ဗျာ ။
စိတ်ဆိုတာဆန်းကြယ်ပါတယ်ဗျာ ။ မနေ့ ကကျနော့အဖိုးလေးကိုသတိရလို့ ဒီနေ့ တော့ကျနော့ အဖိုးလေးအကြောင်းရေးလိုက်အုံးမယ်ဗျာ ။ ကျနော့အမေက ပအိုဝ့် လူမျိုးပါ ၊ သထုံဘက်ကပေါ့ ။ အမေ့မှာ ညီအကိုမောင်နှစ်မ မရှိပါဘူး ။ အဲ ဒါပေမယ့် ကျနော့အဖွား(အမေ့ ရဲ့ အမေ )မှာတော့မောင်နှစ်မတွေများပါတယ်။ အဲဒီထဲကထူးခြားတဲ့နှစ်ယောက်ကိုပဲရေးမှာပါ ။ ကျနော့အဖွားမှာ မောင်ငယ်တယောက်ပဲရှိပါတယ် ။ ဦးစိန်လှအောင် တဲ့ ကျနော်တို့ ကအဖိုးလေးလို့ ပဲခေါ်ပါတယ် ။ ဦးနုပြည်ပြေးဘ၀နဲ့  ထိုင်းမှာပြည်ချစ်ပါတီထောင်တော့ အဖိုးလေးက ပြည်ချစ်ပါတီရဲ့ နိုင်ငံရေးသင်တန်းမှုးပါ ။ ရန်ကုန်ဗဆွေတို့ လက်နက်ချလာတဲ့အချိန်လောက်မှာပဲအဖိုးလေးလဲ ပစ္စတိုသေနတ်တလက်နဲ့  လက်နက်ချလာပါတယ် ။
အဖိုးလေးကဘယ်သူနဲ့ သွားတူသလဲဆိုတော့အခု နှစ်ရှည်ထောင်ကျခံနေရရှာတဲ့ ရှမ်းအမျိုးသားခေါင်းဆောင် ဦးဆေထင်နဲ့  အတော်တူတယ်ခင်ဗျ ။ မျက်နှာပေါက်ရော မျက်မှန်တပ်တာရော အရပ်အမောင်းရောပဲဆိုပါတော့ဗျာ ။ အသားအရောင်ကလဲရှမ်းနဲ့ ပအိုဝ့်ဆိုတာက တမျိုးထဲလိုလိုပါပဲ ။ ကွာတာကတော့ ဦးဆေထင်က မွန်မွန်ရည်ရည်နဲ့ အေးအေးဆေးဆေးစကားပြောတတ်ပီး ၊ ကျနော့အဖိုးလေးက စကားကိုအာဘောင်အာရင်းသန်သန်နဲ့  တဟားဟားပြောတတ်တာပဲခင်ဗျ ။ သီချင်းဆိုရင်အသံလဲကောင်းပါတယ်။ သူဆိုနေကျသီချင်းက (ဧရာဝတီ- ဧရာဝတီ -ဧရာဝတီ-တကယ်ပဲဆည်းဆာပန်းချီ) ဆိုတဲ့သီချင်းပါ ။ ပန်ဆန်းကာလတွေမှာ ဦးဆေထင်ကိုတွေ့ ရင် ကျနော်က အဖိုးလေးကိုသတိရနေမြဲပါ ။ အဖိုးလေးက ကျနော်တို့ ကိုငယ်ငယ်ကထဲက လေ့ကျင့်မွေးမြူခဲ့ပါတယ် ။ ကျနော်တို့ ညီအကို တွေကို ရန်ကုန်ကိုခေါ် ၊ တောသားတွေကိုလေယာဉ်ပျံ မြင်ဘူးအောင်ပြမယ်ဆိုပီး မင်္ဂလာဒုံလေယာဉ်ကွင်းကိုခေါ်သွား ၊ လေယာဉ်ပျံ ဆိုတာဒါပဲလို့ ပြ ( တကယ်လဲ အောင်သွေးတော့လေယာဉ်ပျံဆိုတဲ့ ဟာကြီးကို အဲဒီအခါကပဲနီးနီးကပ်ကပ်တွေ့ ဖူးပါတယ် ။ တော်လှန်ရေးထဲမှာတော့ အဲဒီကောင်တွေက ပုဇဉ်းတွေလိုခပ်လှမ်းလှမ်းကဗုးံကျဲလိုက် ပြန်ပြေးသွားလိုက် ၊ စက်သေနတ်နဲ့ လာပစ်လိုက် ပြန်ပြေးသွားလိုက်နဲ့ သေသေချာချာမမြင်ဘူးပါဘူး ) ။ အဲဒီလေဆိပ်မှာ မှတ်မှတ်ရရကော်ဖီအအေးဆိုတာကိုလဲတိုက်လိုက်သေးတယ်ခင်ဗျ ။ နောက်ပီးကိုယ်ကာယကျန်းမာသန်စွမ်းရမယ် လို့ ပြောလဲပြောအဲဒီတုန်းကခေတ်စားနေတဲ့ အလေးမ၀ိတ်ပြားတွေနဲ့ ရော့(က် )တန်တချောင်း ၊ လက်နဲ့ ဆွဲရတဲ့စပရိမ်လေးချောင်းပါတဲ့ဟာကြီးစတာတွေကို ၀ယ်ပေးလိုက်သေးတယ်ခင်ဗျ ။ ရန်ကုန်ကသူ့ အိမ်ကိုကျနော်လွမ်းပါတယ် ။ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့  မှာပါ (စမ်းရေ တွင်း) ရပ်ကွက်လို့ ခေါ်ပါတယ် ။ သူ့ မှာသားသမီး မထွန်းကားပါဘူး ။ မွေးစားထားတဲ့သမီးတယောက်တော့ ရှိပီး ဗိုလ်မှူးဖိုးကွန်းရဲ့ သား ဗိုလ်ခင်မောင်လေး (အရာခံဗိုလ်) နဲ့ အိမ်ထောင်ကျ နေပါတယ် ။ ကျနော်မှတ်မိသလောက် အဲဒါ ၁၉၆၅ လောက်လို့  ထင်မိပါတယ် ။ မှတ်မိနေတာကတော့ ရန်ကုန်သင်္ကြန်ပါပဲ အဖိုလေးတို့ အိမ်ရှေ့ မှာကျနော်တို့ ရေပက်တော့ ဖြတ်သွားတဲ့ သံချပ်ကားတွေက ခွေးလယားသီး တောအနှ့ံတဲ့ ၊ တောင်လေတိုက်လေမောင်မောလေတဲ့ ။ အဲဒါတော့မှတ်မိနေပါတယ် ။ ဒီလိုနဲ့ အဖိုးလေးအလင်းဝင်လာပီးတော့ ရန်ကုန်မှာမနေပဲ ကျနော်တို့ ဆီမှာလာနေပါတယ် ။ သူကအမေ့ကိုသိပ်ချစ်ပါတယ် ။ အမေကလဲသူ့ ကိုအတော်ဂရုစိုက်ပါတယ် ။ ကျနော်ဒီဘက်ထွက်လာပီးတော့လဲ ကျနော်တို့ အိမ်မှာပဲ သူ့  ဘ၀ရဲ့နောက်ဆုံးရက်တွေ ဖြတ်သန်းခဲ့ပါတယ်။ လေလဲဖြတ်သွားတယ်ဆိုလားပါပဲ ။ သေသေချာချာတော့မသိတော့ပါဘူး ။ ကျနော်ဒီဘက်ထွက်မလာခင် အဖိုးလေးနဲ့ ကျနော်စကားများခဲ့ဖူးပါတယ် ။ သူကဟိုတုန်းကတော့ တ၀ါးဝါးတဟားဟားနဲ့ နိုင်ငံရေးတွေကိုပြောခဲ့တာပါ ။ အပြောလဲကောင်းပါတယ်။ သူပြောနေရင်သူ့ လေကိုဘယ်သူမှမတိုးနိုင်ပါဘူး ။ အဲ - သူလက်နက်ချလာပီးနောက်မှာ သူကစကားနဲလာပါတယ် ။ ပီးတော့ ရွှေရင်ကျော်ဂိုဏ်းဝင်ဖြစ်လာပီး တက်တူထိုးတဲ့ကြေးစုတ်တံတွေလဲရှိတယ်ခင်ဗျ ။ ကျနော်ကတော့ဘာမှမပြောပါဘူး ။ သူစားချင်တာလေးတွေဝယ်ကြွေး ။ (ကျနော်ကအလုပ်ရနေပါပီ ) သူ့ ကိုချစ်လဲချစ် ၊ မိန်းမလဲဆုံး ၊ မွေးစားသမီးကလဲ ပစ်ထားတော့သနားလဲသနားပေါ့ ။ အဲ တရက်မတော့ ဘယ်ကဘယ်လိုစိတ်ကူးပေါက်တယ်မသိပါဘူး ။ ကျနော့ကိုစေ့စေ့စပ်စပ်ကြည့်ပီး (လူငယ်တွေကိုဖျက်ဆီးနေတာ - ကွန်မြူနစ်ဝါဒကွ) လို့  ပြောပါလေရောခင်ဗျာ ။ အဖေကတောင် ကျနော့ကိုဘာမှမပြောပဲ သူကပြောလာတော့ ကျနော့ပါးစပ်ကလဲထိန်းမရဘူးခင်ဗျ ။ အဖိုးလေးတို့ လူကြီးတွေကို ဖျက်ဆီးနေတာ လဲ အရင်းရှင်ဝါဒဗျလို့ ပြန်ပြောမိပါတယ် ။ အဲဒီနေ့ ကစပီးကျနော့ ကိုစကားမပြောတော့ပါဘူးဗျာ ။ ကျနော်တော်လှန်ရေးထဲထွက်လာခဲ့တဲ့အထိဆိုပါတော့ ။ အင်း - သတိရစရာလေးတွေပါပဲဗျာ ။ .
...ဟိုတလောမှာ စာရေးဆရာမောင်ဝဏ က သာယာဝတီလက်ပံတန်းသားတွေဟာ မိုက်တာမဟုတ် ၊ သတ္တိရှိတာဆိုပီးရေးတာဖတ်လိုက်ရလို့ အခု ရေးမယ့်အကြောင်းလေး သတိရမိလာတာပါ ။ ၁၉၇၆ ခုနှစ် ကျနော်တို့ မြို့ မှာကျနော်မြို့ နယ်စာရင်းစစ်ဝန်ထမ်းလုပ်နေတဲ့အချိန်မှာပါ ။ ကျနော်တို့ ဆီက ရုံး ကြီးက ရန်ကုန် - ပြည်ကားလမ်းဘေးမှာရှိပီး ၊ ဋ္ဌာနတော်တော်များများသူ့ အခန်း ကိုယ့်အခန်းနဲ့ စုနေကြတာခင်ဗျ ။ စုပေါင်းရုံးကြီးပေါ့ ၊ မြို့ နယ်ဘဏ်ကော ၊ မြို့ နယ်တရားရုံးရောပေါ့ ။ တရက်မတော့ ကျနော့ ရွာ (တကယ်ကတော့အဖေ့ဇာတိရွာပါ)ကအသိ အဘတယောက်ကို ရုံးမှာတွေ့ လိုက်ရလို့ အဘ ဘာကိစ္စရှိလဲလို့ မေးမိပါတယ် ။ အဘကမျက်နှာမကောင်းဘူးဗျ ၊ သူက စိတ်ပျက်လက်ပျက်အသံနဲ့ တာဝန်မကျေဆိုလားကွာတဲ့။ ကျနော်သိလိုက်ပါပီ ၊ မဆလစစ်အစိုးရက ဦးကြီးတွေ ၊ ဦးကြီးတွေ နဲ့ မြှောက်ပင့် ခိုင်းပီးစားလို့ ဝတော့မှ အခုတော့တာဝန်ကျေစပါးမပေးသွင်းဘူးဆိုပီး အရေးယူတော့မှာပါ ။ ကျနော်လဲ အေးဗျာအဘရာဆိုပီးတောက်တချက်ပဲခေါက်နိုင်ခဲ့ပါတယ် ၊ ဆရာဗန်းမော့်လေနဲ့ ဆိုရင်ကျနော်ကကောဘာများတတ်နိုင်ဦးပါမည်နည်းပေါ့ ။ တကယ်က ဒီရုံးကြီးမှာက အတူနေကြထိုင်ကြ အလုပ်လုပ်ကြ ဆိုတော့ ကျနော့  မှာအသိများပါတယ် ။ ပီးတော့ အဲဒီအချိန်ကဋ္ဌာနတိုင်းက ကျနော်တို့  စာရင်းစစ်ကိုသိပ်ကြောက်ကြတာခင်ဗျ ။ ကျနော်ကူပီးဝင်လုပ်ကိုင်ပေးရင် နဲနဲပါးပါးတော့သက်သာနိုင်ပါတယ် ။ ဒါပေမယ့်အဘက ကျနော်တို့ မျိုးရိုးအကြောင်းသိလို့ လားမသိဘူး။ ကျနော့ကို အကူအညီမတောင်းဘူးဗျ ။ ကျနော်ကလဲဒီလိုမစွတ်မပွတ်ဟာလေးနဲ့ တိုက်ပွဲ လဲမ၀င်ချင်ဘူး ၊ ကျနော့မျက်နှာပြပီး တရားသူကြီးမင်းများကိုလဲ သွားမတောင်းပန်ချင်ဘူးဗျ၊အဲဒီအချိန်ကထဲကဒီကောင်တွေကိုလက်နက်ကိုင်ချမှရမှာဆိုတဲ့ဟာကြီးကကျနော့မှာစွဲနေပီ ၊ (အခုလဲစွဲနေတုန်းပါ) ။ ပီးတော့ကျနော်ကမြေအောက်လုပ်နေတဲ့သူဆိုတော့ မရှုပ်ချင်ဘူး ၊ ဒါကြောင့် စိတ်မကောင်းစွာနဲ့ အသာပဲလှည့်ထွက်လာခဲ့တယ် ။ နောက်တခုက ဟိုတလောလေးကပဲ ရုံးကိစ္စတခုမှာ ကျနော့ကိုအထင်လွဲခံထားရတာရှိနေတယ်ခင်ဗျ ။ အဲဒီအချိန်က ကျနော်တို့ စာရင်းစစ်တွေကို ညွှန်ကြားအမိန့် ပေးနေတာက မြို့ နယ်လုပ်ငန်းစစ်ဆေးရေးအဖွဲ့ 
က မဆလတွေပါ ။ တရက်မတော့မဆလလုပ်ငန်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်သုံးယောက်ထဲက နှစ်ယောက်နဲ့ ကျနော်က ပဲခူးရိုးမတောင်ခြေက ( ဘော်ဘင် ) ဆိုတဲ့ရွာကြီးက သမ၀ါယမကို စာရင်းစစ်သွား ကြပါတယ် ။ ထုံးစံအတိုင်းဆပ်ပရိုက်ချက်ပေါ့ခင်ဗျာ ။ စက်ဘီးသုံးစီးနဲ့ ဖုံတလုံးလုံးနဲ့ ပေါ့ ။ နေ့ ဝက်လောက်သွားရတာပါ ။ ဟိုရောက်တော့ ထမင်းစားချိန်တောင်ရောက်နေပါပီ ၊ ရောက်တာနဲ့  ကျေးရွာ သ/မ စာရင်းဆိုတာဘာရှိတာမှတ်လို့  လယ်ဂျာစာအုပ်ကိုကျနော်က ကောက်ကိုင်နေတဲ့အချိန်မှာ ဆရာသမားနှစ်ယောက်က ငွေတွေစစ်ဆေးရေတွက်ပီးရင် ကျနော်တို့ လာတဲ့ကိစ္စကပြတ်ပါ ပီ ။ ရွာဥက္ကဋ္ဌကကြက်သားကာလသားချက်နဲ့ ထမင်းကြွေးဖို့ ပြင်နေပါပီ ။ ဟင်းချက်တာမြန်တယ်လို့ မထင်ပါနဲ့  ကျနော်တို့ မရောက်ခင်ကထဲကဒီရွာ ကသိနေပါပီ ၊ ပါတီရဲ့ ဆက်သားစနစ်ကသိပ်ကောင်းခဲ့တာခင်ဗျ ၊ ထမင်းစားမလို့ လက်ဆေးမယ်လုပ်တုန်း ဘော်ဘင်ရွာက ဦးလှမောင်ကြီးအိမ်ပေါ်ကိုရောက်လာပါလေရောဗျာ ။ ကျနော်က ပွဲပျက်တော့မယ်ဆိုတာသိတော့ ကြက်သားဟင်းတွေကို ခပ်မြန်မြန်ပဲဆရာသမားတွေထဲတဖတ်နှစ်ဖတ်ဦးထဲ့ပေးပီးတော့ အားရပါးရတွယ်တော့တာပေါ့ ။ ဆရာသမားတွေထမင်းပန်းကန်ထဲလက်နှိုက်မယ် လုပ်တုန်း ဦးလှမောင်ကြီးက စပါပီ ( ခင်ဗျားတို့ ကဘာစာရင်းတွေလာစစ်တာလဲတဲ့ )
ဆရာသမားနှစ်ယောက် လက်ထဲကထမင်းလုပ်ကိုဘယ်ထဲထဲ့ရမလဲဖြစ်နေတယ်ခင်ဗျ ၊ ဦးလှမောင်ကြီးကဆက်ပြောတယ် ၊ (ခွဲတမ်းငပိလေး -ငါးကျပ်သား၊ ဖယောင်းတိုင်လေး -ငါးတိုင်လောက် နဲ့ လာစစ်မနေပါနဲ့ ဗျာတဲ့ ) ဆရာသမားနှစ်ယောက် ပါးစပ်ထဲကထမင်းတွေမ၀ါးနိုင်သေးဘူး ခင်ဗျ ၊ ဆက်ပြန်ပါတယ် (ခင်ဗျားတို့ အစိုးရ နဲ့ ဆိုကျုပ်တို့ ဘ၀ဘာမှတိုးတက်မှာမဟုတ်ဖူးတဲ့) ဆရာသမားနှစ်ယောက် ထမင်းတွေနင်နေလို့  ဟင်းချိုပန်းကန်ပေါ်မှာ လက်ဆုံနေကြတယ်ခင်ဗျ ၊ ရွာဥက္ကဋ္ဌကလဲဝင်မဟန့် ရဲဘူး ၊ ကျနော်တို့ ပါတီက ဒီရွာတွေမှာရှိတဲ့လူထုတွေကိုဒီမိုကရေစီပညာပေးထားတော့ သူကလဲဦးလှမောင်ကြီးကို ဒီမိုကရေစီအပြည့် ပေးထားပုံရတယ်ခင်ဗျ ၊ ဦးလှမောင်ကြီးရဲ့ နောက်ဆုံး စကားသံလဲကြားရော ဆရာသမားနှစ်ယောက်ရဲ့  လက်ထဲကကြက်သားတုံးတွေ လွတ်ကျပါလေရောဗျာ ( ကျုပ်တို့ အခုလိုကျွန်းပျဉ်ထောင်အိမ် နဲ့ နေနိုင်တာ သခင်သန်းထွန်းဆောက်ပေးသွားလို့ နေနိုင်တာ ဗျ ) ပါတဲ့ခင်ဗျာ ။ ဦးလှမောင်ကြီးက သူပြောစရာရှိတာပြောပီး အိမ်ပေါ်ကဆင်းသွား တော့မှ ဆရာသမားနှစ်ယောက် မျက်စိမျက်နှာပျက်ပျက်နဲ့ ထမင်းစားရရှာပါတယ် ။ ဟင်း ကတော့ ကျနော်တွယ်လို့ သိပ်မကျန်တော့ပါဘူ့း ။ အမေပြောဘူးတဲ့ ထမင်းတလုပ် ဒုတ်တချက်ဆိုတာ ဒါမျိုးလားမသိပါဘူးဗျာ ။ ဆရာသမားတယောက်က ရွာဥက္ကဋ္ဌကိုငေါက်ပါတယ် နောက်တခါကျနော်တို့ လာရင်ဒီလူကိုမလာပါစေနဲ့ တဲ့ ။
နောက်နေ့  ရုံးတက်တော့အဲဒီကိစ္စမှာ ကျနော့အဖေနဲ့ ကျနော့ကိုသံသယ၀င်ကြတယ်ခင်ဗျ ၊ အဖေကနိုင်ငံရေးသမားဆိုတော့ အကုန်ပေါင်းပါတယ် ။ တောပြန်တွေဆီကလဲအတွေ့ အကြုံတို့ နိုင်ငံရေးအခြေအနေတို့ ကိုမေးတာမြန်းတာစပ်စုတာလုပ်ပါတယ်။ သူတို့ ကမြို့ ကိုဈေးဝယ်လာရင်လဲဝင်တာထွက်တာရှိတာပေါ့ ။ အဲဒီတုန်းကပဲခူးရိုးမကတောပြန်တွေကခရီးသွားသွားလာလာဆိုရင်ပုလိပ်ဆီမှာအခုလက်နက်ချတွေလို သတင်းပို့ စရာမလိုပါဘူး ။ ကျနော်တို့ သားအဖကိုအဲလိုသံသယရှိကြောင်း သူတို့ ရဲ့ တလတကြိမ်မဆလပါတီဝင်တွေရဲ့  ဆွေးနွေးပွဲမှာတေးထားတာကျနော်သိနေခဲ့ပါတယ် ။ ဒါတွေကြောင့်ပါ ။
အဲ- ဒါ နဲ့ နေ့ လည် ရုံးပြန်တက်တော့ အဘကိုမတွေ့ ရတော့ဘူး။ သူ့ ကိစ္စက မနက်ပိုင်းနဲ့ တင်ပြတ်သွားပုံရတယ် ။ ညနေပိုင်းရုံးဆင်းခါနီး ရုံးရှေ့ မှာ ဆူဆူညံညံကြားလို့ ထွက်ကြည့်တော့ ၊ လားလား ကျနော့သူငယ်ချင်းဆိုက်ကားပေါ်မှာအဘခင်ဗျ ၊
သူတို့ နှစ်ယောက်ကအတိုင်အဖေါက်ညီနေကြပုံများ ၊ အဘက မူးမူးနဲ့ (လူ့ ပြေမှာ -ဘာတဲ့ဘာတဲ့)လို့ အော်ရင်ဟိုကောင်ကလဲ (လူ့ ပြေမှာပါအဘ)ဆိုပီးဖေါ်လိုလိုက်ပေးတယ်ခင်ဗျ ၊ အဘကဆက်ပီး(လူ့ ပြေမှာ အမှုပွေ ရင်ကြောက်တတ်တဲ့ အမျိုးပါဗျ ) လို့ အော်ရင်ဟိုကောင်ကလဲဆိုက်ကားကိုဖြေးဖြေးလေးနင်းရင်း သူ့ အတိုင်းလိုက်အော်တယ်ခင်ဗျ ။ နောက်ဆုံးမတော့အဘက (အမှုပွေ ကြောက်တတ်တဲ့ အမျိုးပါဗျ ၊ ဥပဒေနောက်ထပ်တိုးတာကြောင့် သူ့ အမေေ -ာက် -တ် က -ိုး ဆိုပီး တဲမ်ပိုကိုမြှင့်လိုက်ပါလေရောဗျာ ။ မနက်ပိုင်းက သူ့ ကိုအမှုစစ်ပီးဒါဏ်ရိုက်ခဲ့တဲ့ တရားရုံးရှေ့ တဲ့တဲ့မှာခင်ဗျ ၊ ဟိုကောင့်ဆိုက်ကားကို အဘက အရက်တိုက်ပီးအော်ဒါငှားထားပုံရတယ် ၊ ဟိုကောင်ကလဲ ရုံးကြီးရှေ့ မှာပဲပတ်နင်းနေတယ်ခဗျ ။ တရားသူကြီးမင်းမလဲ ခေါင်းပေါင်းစတလူလူနဲ့ ခါးထောက်ရပ်ရင်းပါးစပ်အဟောင်းသားနဲ့ ရပ်ကြည့်နေရရှာတယ် ။ သူ့ ကိုဆဲတာမှမဟုတ်တာ ဥပဒေကိုဆဲတာလေ ။ အတော်ကြာကြာ အော်ဟစ်နေတာဗျ ။့ ရုံးဆင်းခါနီး လောက်မတော့ ကျနော်ကဘဲ ဟိုကောင့်ကို တော်ပါတော့ကွာအဘလဲမောနေပါပီမြင်းလှည်းဂိတ်ကိုလိုက်ပို့ လိုက်တော့ ၊ တော်ကြာအဘသူ့ ရွာပြန်မရောက်ဘဲ အချုပ်ထဲအိပ်နေရအုံးမယ်လို့ ပြောလိုက်ရပါတယ် ၊ ဒီလိုနဲ့ အဘရွာပြန်ရောက်ပါတယ် ။ အင်း ခုနေခါများအဘအဲလိုအော်ဆဲရင် အနဲဆုံး ထောင်ဒဏ် အနှစ်(၃၀)လောက်ရှိမလားပဲ ။
လွန်ခဲ့တဲ့လေးငါးလလောက်တုန်းကလဲ အဘတို့ ကျနော်တို့ ရွာမှာ ကျေးရွာရယကကို မကျေနပ်လို့  သူ့ ကိုသတ်ပီးတိမ်းရှောင်နေတဲ့အမှုတခုဖြစ်ပွားခဲ့ပါတယ်။ အဲဒါအဖေ့ရဲ့ ဇာတိ သစ်နဖါးရွာ ပါတဲ့ဗျာ ။ ကျေးဇူးတင်ပါတယ် ။ နောက် နေ့ ဆက်ရန်ပေါ့ဗျာ ။
Wednesday, January 21, 2009
.ဒီနေ့ တော့ အဖေ့အကြောင်း(၂) ပေါ့ဗျာ။
ကျနော်တို့  မှာညီအကိုမောင်နှစ်မ(ဂ)ယောက်ရှိပါတယ်။ကျနော်ကဒုတိယသားလတ်ပါ ။ အဖေက ဂျပန်ခေတ်စစ်တက္ကသိုလ်သာ တက်ဖူးတော့ ၊ အပစ်အခတ်မှာတတောင့်ထိုးဂျပန်ရိုင် ဖယ်ကိုကျွမ်းကျင်ပေမယ့် အော်တိုမက်တစ်သေနတ်တွေကိုသိပ်ပီးကျွမ်းကျင်ပုံမရဘူးခင်ဗျ။ သူအိမ်ထောင်ပြုတော့ ခလုတ်ဆွဲလိုက်တာ ဒိုင်း-ဒိုင်း-ဒိုင်း-ဒိုင်း -ဆိုပီး ကျားလေးကောင် အော်တိုဆက်တိုက်ထွက်သွားတယ်ခင်ဗျ ။ လက်ရှိန်သတ်လိုက်တဲ့အချိန်မတော့ မ နှစ်ကောင်ဆက်တိုက်ထွက်သွားပြန်ရော ။ လက်ဆမှန်လာတဲ့အချိန်ကျမှ ကျား တစ် ၊ မ တစ် ခင်ဗျ ။ ကျနော်ကတော့ တော်လှန်ရေးထဲမှာ လက်အတော်ဖြောင့်ခဲ့တာ ။ လက်နက်ကိုင်တော်လှန်ရေးနေ့ အထိမ်းအမှတ် သေနတ်ပစ်ပြိုင်ပွဲ တခုမှာ ကျနော်နဲ့ နောက်တယောက် ဖိုင်နယ်တက်ကြပါတယ် ။ သူကစ သုံးချက်ပစ် တော့ အလယ်ခေါင် စက်ဝိုင်းအမှတ်(၁၀)မှာ တပေါက် ၊ သူ့ အပြင်စက်ဝိုင်း အမှတ်(၉)မှာတပေါက်ဆိုတော့သူက (၁၉)မှတ်ပေါ့ဗျာ ။ ကျနော့အလှည့်ကျတော့ အလယ်ခေါင်စက်ဝိုင်းမှာ တပေါက်ထဲပဲခင်ဗျ ။ ဒါကြောင့် (၁၀)မှတ်ပဲတွက်ပီးကျနော်က ဒုတိယဆုပေါ့ဗျာ ။ ကျနော်က မကျေနပ်လို့  ဒီတပေါက်ထဲမှာကျည်ဆန်သုံးတောင့်စလုံးဝင်သွားတာလို့ စောဒကတက်ပေမယ့် မရဘူးခင်ဗျ ၊ နောက်ဆုံးမတော့ အေးပေါ့ဗျာ ဟိုရှေးရှေးတုန်းက ရော်ဘင်ဟု
ခေတ်ကဆိုရင်တော့ အမှတ်(၁၀)မှာစိုက်နေတဲ့မြှားတစင်းရဲ့ ဖင်ကို နောက်မြှားတစင်းကစိုက် ၊ အဲဒီမြှားတစင်းရဲ့ ဖင်ကို နောက်မြှားတစင်းကစိုက် ဆိုတာကိုတွေ့ မှခင်ဗျားတို့ ယုံမှာပါဗျာလို့ ပဲပြောလိုက်ရပါတယ် ။ လက်တွေ့ သမားတွေမို့ လားဗျ ။ ကျနော်အိမ်ထောင်ပြုတော့ လဲ ကျနော်ကတော့ လက်ဖြောင့်တယ် ခင်ဗျ ၊ ဒိုင်း-ဒိုင်း ဆို မ တစ် ၊ ကျား တစ် ပဲခင်ဗျ ။ အော်တိုမဆွဲဘူး ၊ ကျည်ကုန်လဲသက်သာ ၊ အကျိုးလဲရှိပေါ့ဗျာ ။
အဲ--ပြောချင်တာက နံပါတ်လေး ညီငယ်က မှိုင်းရာပြည့် (၁၉၇၆) ခုနှစ်မှာ ထောင်ကျပါလေရောခင်ဗျာ၊ တရက်မတော့သူ့ ကို ကျနော်နဲ့ အဖေက ရန်ကုန် အင်းစိန်ထောင်မှာ ထောင်ဝင်စာသွားတွေ့ ကြတယ်ခင်ဗျ ။ အင်းစိန်ထောင်ကြီးရဲ့ ထောင်ဘူးဝရှေ့ မှာရှိတဲ့ ဇရပ်ထဲမှာ သူတို့ ဖွင့်ပေးမယ့်အချိန်ကိုစောင့် နေရတာပေါ့ဗျာ ။ အဲဒီအချိန် ဇရပ်ထဲမှာ လူတယောက် ၊ ညာဖက်ကိုခေါင်းလေးတဆတ်ဆတ်ခါ ။ လက်ကလေးနောက်ပစ်ပီး ရသမျှ နေရာလေးထဲမှာ ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက်နေပါတယ် ။ အဖေကသူ့ကိုကြည့်ပီးကျနော်ကိုပြောပါတယ် ။ ဒါ - ကျော်ငြိမ်းနဲ့ တူတယ်ကွတဲ့ ။ ကျနော်ကြည့်လိုက်တော့ မျက်မှန်တပ်ထားတဲ့ အဲဒီလူဟာ ကျနော်မြင်ဘူးတဲ့ဦးကျော်ငြိမ်းပါပဲ ။ တဆက်တည်း အဖေက ငါသွားနှုတ်ဆက်လိုက်အုံးမယ်ကွာလို့ ပြောပြောဆိုဆို ထပီးထွက်သွားပါတယ် ။ ကျနော်က - ဟာအဖေကလဲ လို့ ပြောမဆုံးခင် သူ့ အနားရောက်လာတဲ့ ဦးကျော်ငြိမ်းကို -- ခင်ဗျား- ကိုကျော်ငြိမ်းမဟုတ်လားလို့ မေးရှာပါတယ် ။
ဟိုက တချက်လှည့်ကြည့်ပီး ဘာမှမပြောပဲ ပြန်လှည့်သွားပါတယ် ။ အဖေ အူကြောင်ကြောင်နဲ့ကျနော်အနားပြန်ရောက်တော့မှ ကျနော်က အဖေကလဲဒီလိုလူမျိုးကိုဘာလို့ သွားနှုတ်ဆက်နေတာလဲဆိုပီး ဂရုနာဒေါသောပြောမိပါတယ် ။ ဒါက ကျနော်မကြိုက်တဲ့ အဖေ့အကြောင်း(၂)ပေါ့ဗျာ ။ အခု အဲဒီခေါင်းဆတ်သားကလဲလာပြန်ပီ ။ ကျနော်တို့ မဆလအစိုးရကို ဆန့် ကျင်နေတဲ့အချိန်မှာ ဘာမှဟုတ်တိ ပတ်တိ မလုပ်ခဲ့ပေမယ့် အခုကျတော့ သူက ဖုန်းကြီးရှေ့ ကကြွ လို့ ပြောနေပြန်တယ် ။ လွန်ခဲ့တဲ့နှစ်ကကျနော်တို့ ပါတီကို လာပီးစေ့စပ်တယ် ။ သူ့ အဖေအကြောင်း သိပ်မပြောပါနဲ့ ဆိုလို့ ၊ ကျနော်တို့ က သွေးစည်းညီညွတ်ရေး လုပ်ငန်းစဉ်အရ ဘာမှမပြောတဲ့အချိန်မှာ သူက အလစ်အငိုက်ယူပီး ကျနော်တို့ ကိုတွယ်နေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲတွယ်တွယ် ကျနော်တို့ အကိုကြီးပြောသလို ပတ္တမြားမှန်ရင် တရုပ်ပြည်က၀ယ်ပါတယ်။
ဟာ - မှားကုန်ပါပီ ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး ။ ကျေးဇူးတင်ပါတယ် ။
Sunday, January 18, 2009
.ဒီနေ့ တော့အဖေ့အကြောင်းမရေးသေးပါဘူးဗျာ။
မနေ့ က မောင်ကိုကို (အမရပူရ) ရဲ့  ကိုဝသုန်ကြီးကိုလွမ်း တဲ့အကြောင်း မဟေသီမဂ္ဂဇင်းမှာဖတ်ရတော့ ကျနော်ကစီးပွားရေးတက္ကသိုလ်ကြီးကိုပြန်လွမ်း မိပြန်ရော။
ကျနော်တို့ အသုတ်လောက်လူစုံတာမရှိနိုင်ဘူးလို့ တွေးမိပါတယ်ဗျာ။ ကျနော်နဲ့ တခန်းထဲ စာ အတူသင်ဘူးတဲ့အထဲမှာ ၊ ထူးချွန်တဲ့သူတွေကို ကျနော်လွမ်းမိနေတာပါ ။ ဒီလိုပြောလို့ ကိုအောင်သွေးရာ ကိုယ်ရီးစားဟောင်းကိုလွမ်းရင်လွမ်းတယ်ပြောပါဗျာလို့ ဆိုရင် မဟုတ်သေးဘူးခင်ဗျ ၊ ကျနော်ကြိုက်ခဲ့တဲ့ဟာကကျနော်တို့ မေဂျာ အီကောနောမစ် ကမဟုတ်ဘူးခင်ဗျ ၊ အခန်းမတူပါဘူး ၊ ရွာနားကမြက် ရွာနွားမစားဘူးခင်ဗျ ။ သူက ကောမတ်စ်ကပါဗျာ ၊ အခန်းလဲမတူပါဘူး ၊ ချစ်သူလဲမဖြစ်ခဲ့ကြပါဘူး ၊ သူ့ ကိုလွမ်းတာတော့ နောက်မှပေါ့ခင်ဗျာ ၊ ရေးမှာပါ ၊ အခုဟာက ကျနော်တို့ အီကောနောမစ် မေဂျာက ကျောင်းနေဘက်တွေကိုပါ ။
ကဲ- ဘယ်သူတွေလဲဗျလို့ မေးရင် ပြောပြပါ့မယ်ဗျာ ။ တယောက်စီအကြောင်းကိုတော့တရက်စီပြောပြပါ့မယ် ။ အခုတော့ စါရင်းလေးတို့ ထားလိုက်ပါ့မယ် ။
မောင်ကိုကို (အမရပူရ) ၊ ခင်မောင်ညို(ဘောဂဗေဒ) ၊ အဆိုတော်တက္ကသိုလ်အေးမောင် ၊ အဆိုတော်တက္ကသိုလ်လဲ့လဲ့ ၊ အဆိုတော် တက္ကသိုလ်ဟန်မြတ်မော် ၊ ကေအိုင်အေက ဗိုလ်ချုပ်ကြီး ဂမ်ရှောင် နဲ့  ဦးသန့် အရေးအခင်းလုပ်ဖေါ်ကိုင်ဘက်တွေပေါ့ဗျာ ။ ကဲ- ဒါကတခန်းထဲစာသင်ဖက်တွေပါ ။ ကျောင်းနေဖက်လို့ ပြောလို့ ရမယ့်သူတွေကတော့ ၊ ဆွေဇင်ထိုက်တို့ ၊ အကကောင်းပီး ရုပ်ရှင်တကားနှစ်ကား ရိုက်ဘူးတဲ့ ကေသွယ်မိုးထင်တယ် ။ နောက်ပီး ကိုဗဟိန်းအောင်တို့ ပေါ့ ။ ဆရာဆရာမတွေထဲကလွမ်းမိတာကတော့ ၊ ဒေါက်တာမျိုးညွန့် တို့ ၊ ဒေါက်တာလှမောင်တို့ ၊ (ကျနော့ဆွေမျိုး ဒေါ်လှမြင့်ကြီးလဲပါတာပေါ့ ၊ သူ့ကိုမေ့လို့ မဖြစ်ဘူး ၊ ရေးမှာရေးမှာ) မြန်မာစာက-ဆရာပီတာဇော်မြင့်တို့ ၊ဒေါ်ကြည် ကြည်မြင့်တို့ ၊ ကျူတာထဲက ဒေါ်စန်းကျော်ဇောတို့ ၊ ဆရာကြီးမြင့် တို့ ။
တော်လှန်ရေးထဲရောက်တော့လဲ ၊ ကျနော့နောက်က စီးပွားရေးတက္ကသိုလ်ကျောင်းထွက် တွေရောက်လာသေးတယ်ခင်ဗျ ၊ လွမ်းစရာတွေပါပဲဗျာ ။ အခုသိသလောက်ကတော့ ဟန်မြတ်မော်ကြီးကတော့မရှိရှာတော့ဘူးခင်ဗျ ၊တက္ကသိုလ်အနုပညာအသင်းကလူရွှင်တော်ဟောင်းတယောက်ရေးတဲ့“ညနေ-ညနေ စည်တယ်လေ့-စည်တယ်လေ့”စာထဲမှာဖတ်လိုက်ရတယ် ။ အကိုလေး ဟန်မြတ်မော် ကောင်းရာသုဂတိမှာရှိပါစေဗျာ ။ အင်း -- မနက်ဖြန်မတော့ သူကိုပဲစပီးလွမ်းရတော့မှာပေါ့လေ-- စိတ်မပူပါနဲ့ တဖြည်းဖြည်းလွမ်းရင်း-လွမ်းရင်းခဗျားတို့ သိချင်နေတဲ့ ကျနော့ရဲ့  နောက်ကြောင်း ကောက်ကြောင်းတွေကိုဖတ်ရမှာပါ ၊ ကျေးဇူးတင်ပါတယ်ဗျာ ။
Friday, January 16, 2009
...ဒီနေ့ တော့ အဖေ့ကိုသတိရလို့ အဖေ့အကြောင်းရေးလိုက်ပါအုံးမယ်။ တကယ်ကတော့ရေးသင့်တာကြာပါပီ။ ဒါပေမယ့် ကိုယ့်အဖေအကြောင်းအမွှန်းတင်တယ်လို့ အပြောခံရမှာလဲကြောက်သေးတာခင်ဗျ ။ ဒီတော့ အဖေ့ကိုကျနော် မကြိုက်တဲ့ကိစ္စတွေက စပီးရေးမလားလို့ စဉ်းစားထားပါတယ်ဗျာ ။ ကျနော့ အဖေဟာ ဂျပန်ခေတ်က မင်္ဂလာဒုံဗိုလ်သင်တန်းတတိယပါတ်ကျောင်းဆင်းပါ။ သူနဲ့ သင်တန်းဆင်းဖက်တွေက ကျနော်သိသလောက် အခုအကျယ်ချုပ်ကျခံနေရတဲ့ အင်အယ်ဒီက ဦးတင်ဦး ၊ မဆလ ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်ခ ၊ မဆလ ၀န်ကြီးဟောင်း ဦးသန်းစိန် စသဖြင့်ပေါ့ဗျာ ။ အသေးစိတ်ကတော့ (ဂျပန်ခေတ်စစ်တက္ကသိုလ်) ဆိုတ့ဲစာအုပ်ထဲမှာပါ ပါတယ်။ တပ်ကြပ်ကြီးမောင်ထူးရေးတယ်လို့  ထင်တာပဲ ။ အဲဒီ စာအုပ်မထွက်ခင်ကထဲက သူတို့ သင်တန်းမှာ ဖေးဘရိတ်ဖြစ်ခဲ့တဲ့ ကဗျာလေးကိုအဖေက ကျနော့သူငယ်ချင်းတွေကိုပြောနေကြပါ။ ဘာတဲ့ “ တပ်ကြပ်မောင်ထူး ဗိုလ်မြင့်ဦးနဲ့ မြင်းစီးရာဝယ် ရွှေလုံးဖယ်လော့” တဲ့ ။ ဂျပန်ခေတ်ကဆိုးခဲ့တဲ့သင်တန်းဆရာနှစ်ယောက်နဲ့  မြင်းတကောင်အကြောင်းပေါ့ဗျာ ၊ အဲလိုနဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော်တပ် ၊ နောက်တော့ ပြည်သူ့ ရဲဘော် (ရဲဘော်ဖြူ ၊ ဗိုလ်မှူးဖိုးကွန်းအဖွဲ့ ) ၊ နောက်တော့ တောခိုကြပေါ့ဗျာ ။ အဖေက ဟံသာဝတီခရိုင်မှာတပ်မှူး ခင်ဗျ ။ ခရမ်းသုံးခွဘက်မှာပေါ့ ။ ကျနော်တို့ အဲဒီဒေသကိုသွားလည်ရင် ၊ အဲဒီကလူထုကအဖေ့အကြောင်းပြောမဆုံးခင်ဗျ ၊ တခါကခရမ်းသုံးခွသွားတဲ့ကားပေါ်မှာတဲ့ ၊ အဖေကရန်ကုန်ကပြန်လာတာတဲ့ ၊ ကားပေါ်မှာ အိပ်ငိုက်လာတဲ့ပုလိပ်နှစ်ယောက်လဲပါလာတယ်တဲ့ ၊ အဲဒီမှာအဖေက သူဆင်းမယ့်နေရာလဲရောက်ရောသူ့ ဘေးလွယ်အိတ်ထဲကိုလက်နှိုက်ပီး ၊ ပုလိပ်တွေကို ဒီထဲမှာလက်ပစ်ဗုံးပါကြောင်း သူဟာသူပုန်ဖြစ်ကြောင်း (နာမယ်လဲပြောထင်ပါ့) ၊ အတူတူမသေရဲရင် သေနတ်နှစ်လက်ကိုပေးဖို့ ပြောလဲပြောယူလဲယူပီးဆင်းသွားပါသတဲ့ ၊ ဒါပေမယ့် သူ့ လွယ်အိတ်ကြီးကကျန်ခဲ့ပါသတဲ့ ၊ နောက်နေ့ သတင်းစာတွေထဲမှာတော့ ရဲဘော်ဖြူဗိုလ်စက်ရောင်က လွယ်အိတ်ထဲက ကော့စမစ်တစ်ဘူး (ခေါင်းလိမ်းဆီ) နဲ့ ခြိမ်းခြောက်ပီး ၊ ပုလိပ်နှစ်ယောက်ဆီက သေနတ်နှစ်လက်လုသွားခြင်းဆိုပီးပါလာတော့တာပါပဲတဲ့ဗျာ ။ ဒါ ကြောင့် ဗိုလ်ခင်ညွန် တခါကပြောဘူးတာ ။ ဗိုလ်စက်ရောင်တို့  ဖဆပလဦးနုအစိုးရကိုလက်နက်ကိုင်တိုက်နေတဲ့အချိန်မှာ သူဟာ အဲဒီတုန်းက ရဲ ညွန့် လူငယ်ပါတဲ့။ ဟုတ်မဟုတ်တော့မသိဘူး နောက်ဆုံးတော့ သူပဲအဖေ့ကိုထောာင်ထဲဖမ်းထဲ့ပီးညှင်းပန်းနှိပ်စက် သတ်ပစ်လိုက်တာပါပဲဗျာ။ ထောင်ထဲမှာအဖေဆုံးတော့ ကြံတောသုဿန်မှာမြုပ်နှံခွင့်ရတယ်၊ မဆလ၀န်ကြီးချုပ်ဟောင်းဦးမောင်မောင်ခက အသုဘ အခမ်းအနားလာတယ်လို့ ကြားရပါတယ်၊ ကျေးဇူးတင်ပါတယ် ဦးမောင်မောင်ခမိသားစုများခင်ဗျာ။ အဲ--ပြောရင်းနဲ့ အဖေ့ကိုကျနော်မကြိုက်တဲ့ ကိစ္စမေ့တော့မလို့  ။ ကျနော်က အဖေအလင်းဝင်လာတာ ကိုမကြိုက်ဖူးခင်ဗျ ။ ရေဆုံးရေဖျားအထိချစေချင်တာ ။ ဒါက သူမရှိတော့လို့ ပြောရဲတာပါခင်ဗျာ။ သူရှိရင်“ ဟေ့ကောင်” လို့ ခေါ်လိုက်ရင်ပဲ ကျနော်ပြေးပေါက်ရှာနေရပီခင်ဗျ။ အမေကတော့အခုကျနော့စာဖတ်ရရင် ဟဲ့ကောင်နင်ဘာတွေလျှောက်ရေးနေတာလဲ နင့်အဖေအလင်းဝင်လို့  နင်ဒေါ်ခင်ကြည်ရဲ့ ဒပ်ဖရင်ဆေးရုံမှာမွေးခွင့်ရပီးအသက်ရှည်တာ( အဲဒီမှာမွေးတာတောင်ကျနော်မွေးစက အလေးချိန်တပေါင်တောင်မပြည့်ဘူးတဲ့ခင်ဗျ ၊ ဘယ်နှစ်အောင်စ ဆို လဲပဲ ၊ လူခြောက်ကလေးမွေးလာတာလို့ ပြောနေကြတာခင်ဗျ ) ၊ နင့် ကိုငါတောထဲမှာမွေးရရင် နင်သေတာကြာလှပီလို့ ပြောမှာသေချာပါတယ်ဗျာ။ ဒါကြောင့်အဖေရဲ့ သမိုင်းကြွေးကိုဆပ်ရင်း ၊ အမေ့ရဲ့ ကျေးဇူးကို လဲ ဆပ်ရင်း အောင်သွေးကတော့ဘယ်တော့မှလက်နက်ချဖို့ မစဉ်းစားပါကြောင်း ။
(နောက်ရက်တွေမှာ အဖေ့ကိုကျနော်မကြိုက်တဲ့အကြောင်းတွေရှိသေးတယ်နော်)
..ဟေ့ရောင် ဖိုးသာအောင်
မင်းကွာ--နာမယ်ကြီးချင်တာနဲ့ ဘာတွေလျှောက်ပြောနေတာလဲ ။ ဒါမှမဟုတ်ဒို့ မြို့ကဟိုကောင်နိုင်ငံခြားရေးဝန်ကြီးဥာဏ်ဝင်းက မင်းကိုဘာတွေပေးထား လဲမသိဘူး ။ မင်း ရဲ့လေ ကလဲ အရင်းရှင်အုပ်စု အကြိုက်နဲ့ နအဖအကြိုက်ဖြစ်နေပါပေါ့လား ။ ဘာလဲမင်းက မီဒီယာကတဆင့်မင်းပြောလိုက်ရင် မင်းသဘောထားကိုလူထုကြီးကတခဲနက်ထောက်ခံ ၊ လူထုကြီးက ဗကပ ကိုအပြုတ်တိုက်တော့ နအဖစစ် အစိုးရတက်လာမယ်ပေါ့လေ ။ ဟေ့ရောင်ရ အခုအချိန်က နအဖစစ်အစိုးရကို အပြုတ်တိုက်ရမယ့်အချိန်ဟ ။ လက်ဝဲလက်ယာ ပြောမနေပဲ ဟိုတုန်းကဖဆပလလိုတပ်ပေါင်းစုဖွဲ့ တိုက်ရမယ်လို့  မင်းထက်(ဗကပ ဆန့် ကျင်ရေးမှာ) အများကြီးသာတဲ့ ဟိုကွန်မြူနစ် ဆန့် ကျင်ရေးသမားဦးကျော်ငြိမ်းရဲ့ သားကတောင်ပြောနေတာ ။ မင်းကသူ့ လောက်မလယ်ပဲနဲ့  ဘာတွေလျှောက်ပြောနေတာလဲမသိဘူး ။ ဒါပေမယ့်သူနဲ့ တော့သွားမပေါင်းနဲ့ နော် ။ သူကမင်းလိုကွန်မြူနစ်ကလပ်စည်းဝင်ဖြစ်လာတဲ့သူကိုယုံမှာမဟုတ်ဘူး ။ လူဆိုတာကိုယ့်သမိုင်းကိုယ်ရေးနေကြတာပါကွာ။ မင်းသမိုင်းဟာ မင်းထောင်ကထွက်လာတဲ့အထိ ပြည်သူကအသိအမှတ်ပြုခဲ့ပီးသားပါ ။ ဘာလို့ လဲဆိုတော့ ဗိုလ်ခင်ညွန့်ရဲ့ ၅-၈-၈၉ မှာလုပ်တဲ့ အထူးသတင်းစာ ရှင်းလင်းပွဲ ( ဒို့ အခေါ် စာအုပ်နီ )ထဲမှာပါခဲ့တဲ့ သူရဲကောင်းတွေကို ဘယ်သူကမှ မစော်ကားရဲတဲ့အပြင် ပြည်သူအားလုံးက လေးလေးစားစားရှိကြပါတယ်။ အဲဒီထဲမှာမင်းလဲပါတယ်ဟ ငါ့ကောင်ရ ၊ မင်းဓါတ်ပုံကြီးနဲ့ ကွ။ အေး - ဒါပေမယ့် မင်းထောင်ကထွက်လာတော့ အဲဒီစာအုပ်တွေကအပြင်မှာမရှိတော့ဘူးကွ ၊ အကျိုးဆက်က လူထုက အဲဒီမြေအောက်ရဲဘော်တွေကိုအားကိုးအားထားဖြစ်ကြ ၊ အော်-ဖြစ်မှ ဖြစ်ရလေခြင်းဆိုပီး၊ နှမြောတသကြ၊ သူတို့ ကိုလေ့လာပီးလူငယ်မျိုးဆက်သစ်တွေပေါ်လာကြနဲ့ ၊ နောက်ပိုင်းမှာကျတော့ကွန်မြူနစ်တွေကိုအမွန်းတင်သလိုဖြစ်နေလို့ ဆိုပီး ၊ အဲဒီစာအုပ်တွေကိုစစ်အစိုးရကသိမ်းတာတွေသိမ်းပီးထပ်မထုတ်ရဲတော့ဘူးဆိုပဲ ။ မင်းကွာ လက်တွေ့ နိုင်ငံရေးချည်းပဲလုပ်မနေနဲ့  စာလေးဘာလေးလဲဖတ်အုံးကွ ငါ့ ကောင်ရ ။ ခုတလောပြည်ပနိုင်ငံရေးတွေက သိပ်--ရှုတ်တာ၊ အဲဒီဒါးခုတ်ရာတွေကို လက်ဝင်မလျှိုပါနဲ့ ကွာ။ မင်းဟာ ဗမာပြည်သူတွေလွတ်မြောက်ဖို့  ကြိုးပမ်းအားထုတ်နေတာ ငါယုံပါတယ်ကွာ ။ အခုဟာက လက်ယာသမားတွေကိုလက်ဝဲလက်ယာပေါင်းပီးစစ်အစိုးရကိုပေါင်းပီးတိုက်ကြရအောင်လို့ ဒို့ ကမနဲစည်းရုံးရနေရတဲ့ အထဲမှာ။ မင်းကလဲတမှောင့်ပါပဲကွာ ။ ဟေ့ရောင် မင်းပြောတဲ့စကားကိုဘယ်သူမှ မထောက်ခံတာကိုကြည့် ၊ မင်းဖတ်ဖူးခဲ့တာပဲပြန်စဉ်းစားကြည့်ကွာ ။ သမိုင်းမှာလူတန်းစားတွေပေါ်လာလို့  ကွန်မြူနစ်ဝါဒပေါ်လာတာကွ ၊ ကွန်မြူနစ်ဝါဒ ပေါ်လာ လို့ လူတန်းစားတွေပေါ်လာတာမဟုတ်ဘူး--- ၊ အေး-အဲဒီလိုပဲ ကွန်မြူနစ်ဝါဒအတွေးအခေါ်ပေါ်လာလို့  အဲဒီအချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ပါတီတွေမှို လိုပေါက်လာတာကွ ၊ ကွန်မြူနစ်ပါတီပေါ်ပေါက်လာမှ ကွန်မြူနစ်ဝါဒပေါ်ပေါက်လာတာမဟုတ်ဘူး--( ဘိုဘိုကျော်ငြိမ်းလေသံကိုယူပါ)။ ဒါကြောင့်--ဗမာပြည်မှာအဲဒီအချိန်ကကွန်မြူနစ်ပါတီပေါ်ပေါက်လာတာဟာ သမိုင်းရဲ့  လိုအပ်ချက်နဲ့ ဖြစ်ပေါ်တိုးတက်မှုပါပဲကွာ။ ဟေ့ကောင် သမိုင်းမှာ (ကမ္ဘာ့ သမိုင်းမှာပါ ) ပြည်သူလူထုအတွက် ကိုယ်ကျိုးစွန့် ၊ အသက်စွန့် အနစ်နာခံတာ။ အနစ်နာခံရဲတာ ကွန်မြူနစ်တွေပဲအများဆုံးဖြစ်တယ်။ မင်းဘယ်သမိုင်းဆရာကိုပဲမေးမေး- မေးကြည့် ပါ။ အေးကွာ ငါကတော့မင်းရဲ့ ဂုဏ်ရောင်ပြောင်တဲ့သမိုင်း-ကျော်စွာ-ကို ဒေါ်လာနဲ့ မလဲလိုက်စေချင်ဘူး ။ မင်းလုပ်ခဲ့တဲ့အလုပ်တွေကို မင်း နောင်တရနေမယ့်အစား ၊ အပြစ်တင်နေမယ့်အစား ၊ ၂၀၀၉ မှာတိုးပွားလာမယ့် ဗမာပြည်အရေးတွေကိုစေါင့်ကြည့်ရင်း
ရသမျှငွေလေးတွေစုထား၊ (လေယာဉ်ပျံခပေါ့) ၊ အခြေအနေကောင်းရင် ဗမာပြည်ကိုပြန်လာပီး ၊ ဒို့ တတွေအတူပြန်ပီး၊ ဒီမိုကရေစီရရှိရေးလုပ်ကြရအောင်လားကွာ ။
(မင်းရဲ့ -ထောင်ကျမခံရသေးတဲ့အမှုတွဲ ရဲဘော်)
Thursday, January 15, 2009
အင်း -- အောင်သွေးတို့  ဒီနှစ်တော့ အကယ်ဒမီနဲ့ လွဲသွားပြန်ပီ ၊ နောင်နှစ်ရဖို့  ကြိုးစားရအုံးမှာပေါ့ဗျာ။ အပြိုင်အဆိုင် ရှိမှတိုးတက်သမို့ ဆိုလား ။ မင်းသားသစ်ကလေးဆိုတော့ ပိုပီးကြိုးစားရမှာပေါ့ဗျာ။
Monday, January 12, 2009
အမလေးဗျာ အခုမှပဲ  မီးလာတော့တယ် - အောင်သွေးတို့ ဆီမှာလျှပ်စစ်မီးမလာတာ( ၃ )ရက်ရှိသွားပီခင်ဗျ ။ ဘယ်လောက်ပဲခေတ်မှီတဲ့ပစ္စည်းရှိရှိ လျှပ်စစ်မီးမလာရင်အလကားပါပဲဗျာ ။ အနုမြူဗုံးရှိတောင်မှခလုပ်နှိပ်ပီးပစ်လို့ ရပေမယ့် လျှပ်စစ်မီးမရှိရင် ကွန်ပြူတာကအလုပ်မလုပ်ဘဲ အဲဒီဗုံးကြီးက  သူသွားချင်ရာသွားမှာခင်ဗျ ၊ ပီးတော့ ကိုယ့် ဆီလဲပြန်လှည့်လာနိုင်သေးတယ် ။  မှတ်သားစရာပေါ့ဗျာ ။ တခြားနိုင်ငံတွေမှာမီးရှိပီးသူတို့ ပြောချင်ရာပြောနေတဲ့အချိန်မှာ အောင်သွေးတို့ ဆီမှာမီးမရှိလို့ ဘာမှမပြောနိုင်တာ အောင်သွေးတော်တော်ဒေါသထွက်ပါတယ်။ဒါပေမယ့် ဟိုသီချင်းနဲ့ ပဲဖြေသိမ့်ရတာပေါ့ခင်ဗျာ ။ ဘာတဲ့ - မီးမရှိရင်အသက်မရှင်ချင်ဘူးအချစ်ရယ် ။ အချစ်ဟာသေဆုံးသွားခဲ့ပီ--တဲ့ ။ (တိုင်းရင်းသားအဆိုတော် ဆိုတော့ကျနော်တော့အဲလိုပဲကြားတယ်)ကျနော်လဲဒီတလောရေးချင်စရာတွေများနေရတဲ့ အထဲမီးမလာတော့ သေချင်စော်ကိုနံနေတာပဲ ။ ဒီကြားထဲ  လျှပ်စစ်မီးနဲ့ ပါတ်သက်ပီး ဆရာကြီးကွေးလောင်ခဲ့တာလဲ သွားပီးသတိရမိပါတယ်။ ဒီနေ့ အထိခေတ်မှီနေလို့ ပါ။
ဟိုရှေးရှေးတုန်းက ပုဂါရာမတိုင်းပြည်မှာတဲ့ ၊ ဆီကိုရေချိုး ဆေးရိုးမီးလှုံ နေနိုင်တဲ့ အချိန်မှာတဲ့ ၊ အီကြာကွေးကြီးတို့ အိမ်မှာ ည ည မီးမထွန်းဘဲနေတော့ ၊ နေပြည်တော်ရယက ကလာပီးရစ်တယ်တဲ့ ၊ ဒီလောက်လောင်စာဆီတွေဈေးပေါနေရက်သားနဲ့ ဘာလို့ မီးမထွန်းပဲနေတာလဲပေါ့။
အီကြာကွေးကြီးကရှင်းပြတယ် ၊ သူကဗေဒင်ကိန်းခန်းတွေတွက်ကြည့်တော့တဲ့ ၊ နောင်နှစ်ပေါင်းငါးရာကြာတဲ့အခါမှာ ( လျှပ်စစ်မီး )ဆိုတဲ့ဟာကြီးပေါ်လာလိမ့်မယ်တဲ့၊ ဒါပေမယ့် အဲဒီဟာကြီးက  တခါတလေ လင်းလိုက် ၊ တခါတလေ မလင်းလိုက်ဖြစ်မယ်လို့  ဗေဒင်ကိန်းခန်းမှာပေါ်နေလို့ ၊ အခုကထဲက မီးမထွန်းပဲလေ့ကျင့်နေတာပါတဲ့။
 ကဲ--ခေတ်မမှီဘူးလားဗျာ။ ကျနော်မှတ်မိတာ၊ သူအဲဒါရေးတာလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကလို့ ထင်မိပါတယ်ဗျာ ။ ဆရာကြီးကွေးကိုလေးစားပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။
Wednesday, January 7, 2009
.. ရသ
အင်း - ဒီနေ့ တော့ အတူတိုက်ပွဲဝင်ခဲ့ဖူးတဲ့ ရဲဘော်ကြီ်းနှစ်ယောက်ကို အားကြီးသတိရမိလို့ ၊ ထောင်က လွတ်လာစ ကဗျာဆရာကို ၊ ဆောင်းပါးနဲ့ ဂုဏ်ပြုပီး ၊ ဆောင်းပါးဆရာကိုတော့ ၊ ကဗျာနဲ့ ကလိမလို့ စဉ်းစားထားပါတယ် ။
ကဗျာဆရာအတွက် ဆောင်းပါး -
ကျနော်ဟာ ငယ်ငယ်ကထဲက ၊ ကဗျာဆရာတွေနဲ့ အတော်နေခဲ့ဖူးပါတယ်။ နာမယ်ကြီးတာမကြီးတာတော့ တပိုင်းပေါ့။ ကျနော်ပြောချင်တာက ကဗျာကိုစွဲစွဲလန်းလန်းရေး ၊ စကားပြောရင်လဲ ကဗျာဆန်ဆန်ပြော ၊ မဂ္ဂဇင်းဖတ်ရင်လဲ ကဗျာကို အရင်အရသာခံဖတ်တတ်တဲ့ကဗျာဆရာတွေကိုပြောတာပါ ။ ကျနော်ကတော့ ကဗျာကိုသူတို့  လောက်မစွဲလန်းဘူး။ ကျနော်ကမဂ္ဂဇင်းဖတ်ရင် ကာတွန်းကိုအရင်ဖတ်တာလေ ။ ဒါတွေက ကျောင်းသားဘ၀ နဲ့ ဝန်ထမ်းဘ၀မှာပေါ့။ တော်လှန်ရေးထဲရောက်တေါ့လဲ ပေါလိုက်တဲ့ကဗျာဆရာတွေ ။ ကျနော်နဲ့ လုပ်ဖေါ်ကိုင်ဘက်တွေများမှများ ။ မောင်ရေချမ်း (ဥက္ကလာ)တဲ့ ၊ စိုးစံတဲ့ ၊ ၀ိုင်းသော် တဲ့၊ လှဆွေ တဲ့၊ နိုင်ဝင်းဆွေတဲ့ ၊ မောင်ရည်ညွှန်း တဲ့ ၊ ၀င်းမြင့်သူတဲ့ ၊ အဆိုး(မြေလတ်)တဲ့ ၊ ငြိမ်းချမ်းသူ တဲ့ ၊ ဒါတောင် ရှားရှားပါးပါးအမျိုးသမီးထဲက မအိ တဲ့ ၊ သူတို့ တွေကကျနော်န့ဲ (ကျနော်ဝတ္တုရေးရင်တယောက်ကို)အနဲဆုံး ၀တ္တုတို သုံးပုဒ်စီလောက် ရေးလို့ ရအောင်ရင်းနှီးခဲ့ကြပါတယ် ။ တချို့ ကအခုထိ ကဗျာရေးနေကြတုန်း၊ တချို့ က ကွယ်လွန်သွားကြ၊ တချို့ ကတော့ မောင်သာချိုခံစားဖတ်ညွှန်းလုပ်တဲ့( ကဗျာဆရာ မောင်ပြည့်မင်းရဲ့ “ သူတို့ စားပွဲ” ဆိုတဲ့ကဗျာထဲကလို) နှစ်ယောက်စလုံးနောက်ဂျွမ်းဖြစ်သွားကြ ။
အဲဒီထဲမှာကျနော့ရဲ့ ကဗျာဆရာမပါဘူးခင်ဗျ ။
ကျနော်နဲ့ သူနဲ့ က ၊ တော်လှန်ရေးထဲမှာအဆောင်တဆောင်ထဲမှာ တခန်းထဲအတူနေခဲ့ကြတာဆိုတော့၊ တခါတလေသူက တညလုံးကဗျာရေးနေတာဗျ။ သူမီးဖွင့်ပီးကဗျာရေးနေရင် ကျနော်ကစေါင်ခေါင်းမြီးခြုံပီးးအိပ်ရတာပေါ့ဗျာ။ မြေအောက်ဆင်းရတဲ့ မာရသွန်လမ်းလျှောက်မှာလဲ(၀နယ် ပန်ဆန်းကနေပီးကြူကုတ်ဗန်ဆိုင်းကိုခြေလျင်လျှောက်ရတာကိုပြောတာပါဗျာ)တနေကုန်ပင်ပန်းလာလို့ ကျနော်ကတ ခေါခေါနဲ့ ဟောက်နေလဲ။ သူကတချွတ်ချွတ်နဲ့ ကဗျာရေးနေတာဗျ ၊ အဲ မနက်ကျရင်လဲ ဆရာနိုင်ဝင်းဆွေတို့ လို အိပ်နေတာမဟုတ်ဘူးခင်ဗျ။ ( ဆရာနိုင်ဝင်းဆွေတို့ တော်လှန်ရေးထဲမှာ အဲလိုအနုပညာတွေ တောက်စားနေတာကို ၊ သူနဲ့ ကျနော်တို့ နှစ်ယောက်ကပါတီထဲကစာစောင်တွေကိုညနက်သန်းခေါင်ဖယောင်းစက္ကူတွေရေးရင်း ၊ စာကူးစက်နဲ့  လှိမ့်ရင်းထုတ်ရင်း ၊ မနက်စောစောထ ၊ စခန်းကရဲဘော်တွေအတွက်ထမင်းချက်ရင်း ၊ ထမင်းကျက်မှဆရာသမားတွေကှို နှိုးပီး တလလောက်ကျွေးနေ ခဲ့ရဘူးပါတယ်။ ဒါကြောင့် ၀ထ္ထုတိုသုံးပုဒ်စာရေးနိုင်တယ်လို့ ပြောတာပါဗျာ) ။ မနက်ကျရင်လဲသူ့ တာဝန်သူကျေပီးသားခင်ဗျ။ တခါက ခရီးထွက်ရင်း တရုပ်ဗမာနယ်စပ်မှာ ညအိပ်ဖြစ်ကြတယ်။ နယ်စပ်ကျောက်တိုင်ရဲ့ ခြေရင်းမှာပေါ့ဗျာ။ ကျနော်ကတော့ဘာခံစားချက်မှမရှိပါဘူး။ ပင်ပန်းနေတော့မြန်မြန်အိပ်ဖို
့ပါပဲ၊ မြေကြီးပေါ် ပလပ်စတစ်စခင်းပီးအိပ်ဖို့ ပြင်တာပေါ့။ မီးလဲမရှိ ၊ ခြင်ကလဲကိုက်။ ဟား - သူကတော့ ဖယောင်းတိုင်လေးထွန်းပီး တချွတ်ချွတ်နဲ့ ခင်ဗျ ။ နောက်နေ့ ကျတောာ့သူ့  ကဗျာ တပုဒ်ဖတ်ရပါတယ်။ ( နယ်စပ်မျဉ်းပေါ်အိပ်စက်ခြင်း)တဲ့ ။ ဒါတင်မကပါဘူးဗျာ သူနဲ့ ကျနော်နဲ့ က စိန်ပြောင်းအမြောက်ပစ်တပ်ဖွဲ့ မှာအတူတူခင်ဗျ။ ဘယ်လိုတွယ်ခဲ့ကြတယ်ကိုမပြောတော့ပါဘူးဗျာ ၊ နေ့ လည်က ဟိုခွေးမသားတွေကို ကျနော်တို့ အမြောက်ကြီးနဲ့ တဂွမ်းဂွမ်းပစ်ခဲ့ပီးတော့လဲ ညကျတော့သူကတချွတ်ချွတ်ပါပဲ ၊ ကဗျာတွေရေးနေတာလေ ။
သူ နအဖ ထောင်ထဲမှာနေရတုန်းက သူ့ ဇနီးကလဲထောင်ထဲမှာ သားလေးတယောက်ဖွားမြင်ပါတယ်။ အဲဒီမှာလဲသူကထောင်ထဲမှာတချွတ်ချွတ်နဲ့ ပေါ့။ သူ့ သားအတွက်ရေးတဲ့ ကဗျာလေးတပုဒ်ကိုဖတ်ခဲ့ရဖူးပါတယ်။ တချိန်ချိန်ရောက်ရင်တော့ ကျနော့ကဗျာဆရာရဲ့ ကဗျာတွေကို ကျနော့ဘလော့မှာတင်ပြနိုင်အောင် ကျနော်ကြိုးစားပါ့မယ် ။ လွမ်းလိုက်တာဗျာ ။ ။
ဆောင်းပါးဆရာအတွက်ကဗျာ
“ ----- ----- ---- ”
မကျေဘူး အမေ ဆိုတဲ့ 
မေဦး တို့ အဖေရေ---
ရေဘူးတွေထဲ က
ဟိုဟာတွေကို အတူသောက်ခဲ့တာ
လွမ်းလိုက်တာဗျာ။ ။
Friday, January 2, 2009
.Wednesday, December 31, 2008
market economy
ဈေးကွက်စီးပွားရေးစနစ်တဲ့လား
(၁၉၈၈)ခုနှစ် မတရားအာဏာသိမ်းပွဲနောက်ပိုင်းကာလ နဝတ၊ နအဖတို့၏ သတင်းစာရှင်းလင်းပွဲများ၊ မိန့်ခွန်းများလိုလိုတွင် မပါမဖြစ် စကားတစ်ခု ရှိသည်။ ယင်းကား ‘နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဈေးကွက်စီးပွားရေးစနစ်အား ကျင့်သုံးနေသည်’ ဟူသောစကား။ အပြောနှင့်အလုပ်ညီစွာ အမှန်တကယ် ကျင့်သုံးခဲ့ပါလျှင် စာရေးသူတို့ အမိမြန်မာပြည်၏ စီးပွားရေးအဆောက်အအုံကြီး တစ်ခုလုံး ဤမျှ စုတ်ပြတ်သတ်သွားစရာ အကြောင်းမရှိ။ အနှစ်နှစ်ဆယ်ကြာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမှု၏ ရလာဒ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်နေစေမည်မှာ မလွဲဧကန်မုချ။
နည်းမှန်လမ်းမှန် ဈေးကွက်စီးပွားရေးစနစ်၏ သွင်ပြင်လက္ခဏာများနှင့် ချိန်ထိုးကြည့်ပါက နအဖတို့၏ လိမ်လည်မှုများကား ကွက်ကွက်ကွင်းကွင်းပေါ်လာပါသည်။ အတုအယောင် အမျိုးသားညီလာခံ ကျင်းပပြီး ထွက်ပေါ်လာသည့် ရလာဒ်များနှင့် အတုအယောင် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသော နအဖသည် ကမ္ဘာတဝှမ်းလုံး လက်ခံကျင့်သုံးနေသည့် ဈေးကွက်စီးပွားရေး စနစ်ကိုလဲ အတုအယောင် လုပ်ခဲ့ကြလေသည်။ မည်သို့ လိမ်လည်လှည့်ဖြားခဲ့ကြသည်ကို လေ့လာကြည့်ကြပါစို့။
နိုင်ငံတကာမှ ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးစနစ်၏ သွင်ပြင် လက္ခဏာများမှာ
(က) ပုဂ္ဂလိက ပိုင်ဆိုင်မှု
ပုဂ္ဂလိက ပိုင်ဆိုင်မှုအခွင့်အရေးသည် တစ်ဦးချင်းဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများ၌ဖြစ်စေ ရရှိခံစားရမည့်အခွင့်အရေးဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှု နှင့် စီးပွားဓနတိုးတက်မှုတို့ကို တွန်းအားပေးသည့်အရာ ဖြစ်ရပါမည်။
လက်တွေ့တွင်ကား ဤအချက်နှင့် မလျော်ညီစွာပင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ပိုင်ဆိုင်မှုအခွင့်အရေး အလွန်ပင် ရှားပါးပါသည်။ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများအား ပုဂ္ဂလိက ပိုင်အဖြစ် လွဲပြောင်းထားသည်ဟု မည်မျှပင်ဆိုစေကာမူ၊ ဖြစ်ရပ်မှန်ကား စစ်ဗိုလ်ချုပ်ကြီးများ နောက်ကွယ်မှ ကြိုးကိုင်ပိုင်ဆိုင်မှု ယူထားသော လုပ်ငန်းများသာ ဖြစ်နေပါသည်။ စစ်အရာရှိကြီးများကိုယ်တိုင် ဦးစီးလုပ်ကိုင်နေသော မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ ပါဝင်လုပ်ကိုင်နေသော လုပ်ငန်းများနှင့်ပင် ဤအချက်မှာ ထင်ရှားနေပါသည်။ အချို့သော လုပ်ငန်းများမှာလဲ နအဖတို့နှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများမှ မောင်ပိုင်စီးလုပ်ကိုင်နေကြပါသည်။
(ခ)လုပ်ငန်းဆိုင်ရာ လွတ်လပ်ခွင့် နှင့် ရွေးချယ်မှုဆိုင်ရာ လွတ်လပ်ခွင့်
လုပ်ငန်းဆိုင်ရာ လွတ်လပ်ခွင့်ဆိုသည်မှာ စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းများ၌ သယံဇာတအရင်းအမြစ်များ၊ ကုန်ကြမ်းများအား လွတ်လပ်စွာ ရယူပိုင်ခွင့်၊ အသုံးပြုခွင့်၊ မိမိတို့နှစ်သက်ရာ ကုန်ပစ္စည်းများ ထုတ်လုပ်ခွင့်နှင့် ထုတ်ကုန်များကို မိမိတို့နှစ်သက်ရာ ဈေးကွက်များ၌ ရောင်းချခွင့်ရှိရပါမည်။
ရွေးချယ်မှုဆိုင်ရာ လွတ်လပ်ခွင့်ဆိုသည်မှာ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့နှစ်သက်ရာ ပိုင်ဆိုင်မှုအရင်းအမြစ်များကို နှစ်သက်ရာအချိန်တွင် ရွေးချယ်အသုံးချခွင့်ရှိရမည်ဖြစ်ပြီး၊ လုပ်သားများမှာလဲ နှစ်သက်ရာ အလုပ်ကို ရွေးချယ်လုပ်ကိုင်ခွင့်နှင့် နှစ်သက်ရာ သင်တန်းများကို ရွေးချယ်တက်ရောက်နိုင်ခွင့်ရှိရမည်ဖြစ်လေသည်။ ထို့အတူ စားသုံးသူများမှာလဲ မိမိတို့ဝင်ငွေအား စိတ်ကြိုက်သုံးစွဲပိုင်ခွင့် ရှိရမည်ဖြစ်လေသည်။
နဝတ၊နအဖတို့လက်ထက်တွင်ကား အဆိုပါအခွင့်အရေးများမှာ အကန့်အသတ်နှင့်သာ ရှိပါသည်။ မော်တော်ယာဉ်လုပ်ငန်းများလုပ်မည်လား၊ ပါမစ်လိုပါသည်။ သစ်လုပ်ငန်းလုပ်မည်လား၊ ပါမစ်လိုပါသည်။ ဟိုနေရာသွားလဲ ပါမစ်၊ သည်နေရာသွားလဲ ပါမစ်နှင့် တမစ်တည်းသာမစ်နေတော့သည်။ လုပ်ငန်းများလုပ်လျှင် ပါမစ်လိုသည်ကတော့ နိုင်ငံတိုင်းလိုလိုပင်။ သို့ပေမယ့် မြန်မာပြည်ကပါမစ်ကတော့ တမူထူးခြားပါမစ်ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းဆိုင်ရာ မည်မျှပင် မှန်ကန်စေပါမူ ဗိုလ်ချုပ်များ အိတ်ကပ်ထဲသို့ ငွေမရောက်သရွေ့ ပါမစ်မှာ မိုးပေါ်မှ မကျနိုင်သော တိမ်စိုင်တိမ်ခဲပမာကဲ့သို့ပင်။ ဒီကြားထဲ ပါမစ်အရောင်းအ၀ယ်ပွဲစားများကလဲ ရှိလိုက်သေးသည်။
အလုပ်သမားအခွင့်အရေးဆိုသည်ကိုတော့ မြန်မာနိုင်ငံတွင် ဘာလဲဆိုသည်ကိုပင် မေးယူရမည်ကဲ့သို့။ မိမိတို့နှစ်သက်ရာ အလုပ်အကိုင်များကို ရွေးချယ်လုပ်ရန်နေနေသာသာ၊ မနှစ်သက်သော အလုပ် များ၊ ယုတ်စွအဆုံး- ပြည့်တန်ဆာအလုပ်ပင်လျှင် အဆက်အသွယ်ရှိမှဖြစ်သည်တဲ့။ စားသုံးသူများ၏ ရွေးချယ်စားသုံးပိုင်ခွင့်၊ မိမိတို့ဝင်ငွေကို စိတ်ကြိုက်အသုံးပြုခွင့် ဆိုသည့် သဘောတရားရှိသည် မရှိသည်ကိုတော့ ဝန်ထမ်းမိသားစုများ ပိုမိုနားလည်ပေလိမ့်မည်။ ဆန်ပေးသည်ဆိုသော နာမည်ကောင်းယူကာ ဖွဲ၊သလဲများနှင့် ပြည့်နှက်နေသော ဆန်ကို မယူမနေရ လခထဲမှ ဖြတ်တောက်မှု၊ မည်သည့်ရုံးသွားသွား၊ ပြက္ခဒိန်များ အတင်းထိုးရောင်းမှုစသည်များ။ ဆယ်တန်းအမှတ်စာရင်း သွားထုတ်သည်ကို ပြက္ခဒိန်ဝယ်မှ အမှတ်ထုတ်ပေးမည်ဆို၍ မဆီမဆိုင်ဝယ်ခဲ့ရသည့် နေ့ရက်များ၊ အထက်တန်းကျောင်းများတွင် ဆရာဆရာမများ အားလပ်ချိန်တိုင်း မုန့်ရောင်းရမည်ဆို၍၊ ကျောင်းဆရာ၊ ဆရာမဘဝတလှည့်၊ ဈေးအော်ရောင်းနေ သည့် ဈေးသည်တလှည့်ဖြစ်နေသော ဆရာ၊ဆရာမများအားကြည့်ကာ အားနာပါးနာနှင့် ဝယ်ခဲ့ရသော အတွေ့အကြုံများကို ပြန်ပြောင်းသတိရမိပါသည်။ သြော်-မြန်မာပြည်ရဲ့ စားသုံးသူ အခွင့်အရေးဆိုတာ ဤသို့နှယ်ပါ။
(ဂ)ကိုယ်ပိုင်အကျိုးစီးပွား
ကိုယ်ပိုင်အကျိုးစီးပွားရှာမှုသည် ဈေးကွက်စီးပွားရေးစနစ်၏ အင်္ဂါတစ်ရပ်ဖြစ်ပါသည်။ ထုတ်လုပ်သူများက အမြတ်အများဆုံး(ဝါ) အရှုံးအနည်းဆုံးဖြစ်အောင် လုပ်သကဲ့သို့၊ လုပ်သားများမှလဲ မိမိတို့ ဝင်ငွေအား တိုးတက်များပြားအောင် လုပ်ဆောင်ကြလေသည်။ ထိုနည်းတူ စားသုံးသူများမှလဲ ကုန်ကျရသည့် ပိုက်ဆံနှင့် တန်သော ပစ္စည်းများကို ရရှိမှကျေနပ်မှုရှိကြလေသည်။ ယင်းသို့ အကျိုးအမြတ်၊ ဝင်ငွေ၊ စားသုံးသူများ ကျေနပ်အားရမှုစသည်တို့အား အပြိုင်အဆိုင် ကြိုးပမ်းရယူနေခြင်းရှိမှသာ စီးပွားရေးအဆောက်အအုံ တရပ်လုံး တိုးတက်မှု ရှိလေမည်။
နဝတ၊ နအဖလက်ထက်မြန်မာပြည်တွင်ကား ဤသို့သုံးဦးသုံးဖလှယ် အား ပြိုင်မှုများ မရှိပါ။ ထုတ်လုပ်သူများမှာ အမြတ်ဝေစု၏ သုံးပုံနှစ်ပုံခန့်ကို အုပ်ချုပ်သူများ၊ ဌာနဆိုင်ရာများသို့ ပေးကျွေးခွံ့နေကြရသဖြင့် အမြတ်များသထက်များအောင် လုပ်လိုက်သောအခါ ကုန်ဈေးနှုန်းအဆမတန် ကြီးထွားလာပါသည်။ တဖန် ဝိသမလောဘကုန်သည်များကြောင့် ကုန်ဈေးနှုန်းတက်ပါသည်ဆိုပြီး မရောင်ရာဆီလူး နအဖဗိုလ်ချုပ်များက ဆိုပြန်၍ ဈေးနှုန်းကျရန် လုပ်ရပြန်သောအခါ ကုန်ပစ္စည်းအရည်အသွေး ကျဆင်းသွားပြန်သည်။ စားသုံးများမှာတော့ ကျေနပ်သည်၊ မကျေနပ်သည်အသာထား၊ အသက်ရှင်ရပ်တည်ဖို့ ကောင်းလဲစား၊ မကောင်းလဲစား၊ ကောင်းလဲသုံး၊ မကောင်းလဲသုံးဘဝ။ လုပ်သားများမှာလဲ လုပ်အားနှင့် လုပ်ခတန်သည်မတန်သည် အပထား၊ စားစရာရှိအောင်၊ နေစရာရှိအောင် တခုခုတော့ လုပ်နေရမည်မို့ ပါးစပ်ပိတ်၊ ခေါင်းငုံ့ကာ နေကြရသည်။
တဖန် ဝန်ထမ်းများကျပ်တည်းသည်ဆိုကာ နအဖတို့မှ အာမခံချက်မရှိသော ငွေစက္ကူများအား အတင်းရိုက်ထုတ်ပြီး လစာများတိုးပြန်တော့လဲ ကုန်ဈေးနှုန်းများက အဆမတန် တက်သွားပြန်သည်။ တက်မည်ပေါ့။ လစာတိုးမည်ဆိုသည်ကို ကြားသည်နှင့် ဈေးကွက်ဝယ်လိုအားက အဆမတန်ထိုးတက်သွားသည်ကိုး။ ဝယ်လိုအားနှင့် ရောင်းလိုအားညီမျှရန် ဈေးနှုန်းနှင့် ညှိယူရသည်လေ။ ကုန်သည်များ၏ အပြစ်ဆိုပြီးပဲ လက်ညှိုးထိုးနေ၍မရပါ။ ဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအား၊ ငွေကြေးသုံးစွဲမှုစသည့် စီးပွားရေးအခြေခံအချက်လေးများကိုပင် နားမလည်သော ပရမ်းပတာအုပ်ချုပ်သူများ၏ လုပ်ချင်ရာလုပ်နေသော အိုးနင်းခွက်နင်းကိစ္စများ၏ ရလာဒ်သာဖြစ်သည်။
(ဃ) ပြိုင်ဆိုင်မှု
ဈေးကွက်အတွင်းတွင် ရောင်းသူဝယ်သူ အပြိုင်အဆိုင်များစွာ ရှိရပါမည်။ ရောင်းသူများခြင်းဖြင့် မည်သည့်တဦးတယောက်သော ရောင်းသူကမှ ဈေးကွက်ရောင်းလိုအားကိုဖြစ်စေ၊ ဈေးနှုန်းကိုဖြစ်စေ ချုပ်ကိုင်၍ မရတော့ပါ။ ထိုနည်းတူစွာ ဝယ်ယူသူများအပြိုင်အဆိုင် ပေါများခြင်းဖြင့် မည်သည့် စားသုံးသူကမှ ဈေးကွက်ဝယ်လိုအားကိုဖြစ်စေ၊ ဈေးနှုန်းကိုဖြစ်စေ ထိန်းချုပ်၍မရပါ။ ထို့အပြင် ထုတ်လုပ်သူများသည် ဈေးကွက်အတွင်းသို့ လွယ်ကူစွာ ဝင်ထွက်ခွင့်ရှိရပါမည်။ ပြိုင်ဆိုင်မှုအား ခွင့်မပြုသော မည်သည့်ဈေးကွက်စီးပွားရေးမှ တိုးတက်အောင်မြင်မှုမရှိနိုင်ပါ။ ဗဟိုချုပ်ကိုင် စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းသော Transition Economies များ၏ Structural Adjustment programs (SAPs) များတွင် ပြိုင်ဆိုင်မှုပေါ်လစီများ (Competition policies) အား မြှင့်တင်ရေးသည် အရေးပါသော ကဏ္ဍတစ်ခုအဖြစ်ပါဝင်နေပါသည်။
နိုင်ငံတော်၏ စီးပွားရေးကဏ္ဍအား အမှန်တကယ် တိုးတက်စေလိုသည်ဆိုလျှင် ဦးပိုင်မှသာ သီးခြား ဦးစီးလုပ်ကိုင်နေသော လုပ်ငန်းများ၊ နအဖဆွေမျိုးများသာ လုပ်ကိုင်ခွင့်ရပြီး အခြားပြည်သူလူထုအား လုပ်ငန်းလိုင်စင်မချပေးသည့် လုပ်ငန်းများအား ရပ်တန်းက ရပ်သင့်ပါသည်။ ပြည်သူလူထုနှင့်အတူ တန်းတူရောယှက်၍ မှန်ကန်စွာ၊ တရားနည်းလမ်းကျစွာ ပြိုင်ဆိုင်သင့်ပါသည်။ အရည်အချင်းမရှိ၍ စည်းဝိုင်းထဲတွင် မပြိုင်ဆိုင်နိုင်သည်နှင့် စည်းဝိုင်းအား မောင်ပိုင်စီးကာ တစ်ယောက်တည်း ပထမဆုယူပြနေခြင်းမှာ လူကြီးလူကောင်းတို့၏ လုပ်ရပ်မဟုတ်ပါ။ လူကလိန်ကကျစ်တို့၏ လုပ်ရပ်သာဖြစ်ပါသည်။
ဈေးကွက်စီးပွားရေးစနစ်တွင် အခြားသော သွင်ပြင်လက္ခဏာများလဲ ရှိပါသေးသည်။ စီးပွားရေးကျမ်းမဟုတ်၍ စာရေးသူ အကျယ်မချဲ့လိုတော့ပါ။ သေချာသည်ကတော့ မည်သည့်ရှုထောင့်မှပဲ ကြည့်ကြည့် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ကိုင်နေမှုများမှာ ဈေးကွက်စီးပွားရေးစနစ်နှင့် သိသာစွာ ကွဲလွဲနေခြင်းသာ ဖြစ်သည်။
ဖွတ်ထွက်မှ တောင်ပို့မှန်းသိ စကားပုံရှိပါသည်။ ဖွတ်ကထွက်နေသည်မှာ အမြီးပင် ပေါ်နေပြီင်္။ စာရေးသူတို့ မြန်မာပြည်သားများ အဘယ်သို့သော အချိန်ထိ စောင့်နေမည်နည်း။ အတုကိုအတုမှန်းသိရင်တော့ အစစ်ကို ရှာဖွေအကောင်အထည်ဖော်ရပေမည်။ အစစ်ကို အကောင်အထည်ဖော်ရန် နအဖစစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေပြီးမှသာ ဖော်ထုတ်၍ ရပေမည်။ နအဖတွင် အစစ်ဆိုသည်မှာ မရှိတော့ပါ။ သူတပါးလက်ထဲမှ အာဏာရယူထားသည့် အစိုးရအတု၊ အာဏာမြဲရေး ကြိုးပမ်းထားရသည့် ငြိမ်းချမ်းရေးအတု၊ ပြည်သူ့ကိုယ်စားလှယ်များ မပါဝင်သည့် ညီလာခံအတု၊ မည်သည့်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံမှာမှ မပါသည့် စစ်ဗိုလ်တမတ်သား ဖွဲ့စည်းပုံဥပဒေ အတု၊ ဈေးကွက်စီးပွားရေးအတု စသည့် အတုအယောင် ဂုဏ်ပုဒ်များဖြင့်သာ ကမ္ဘာကျော်နေသူများ ဖြစ်ပါသည်။ ထိုသို့မဟုတ်ပဲ အတုအယောင်ကို မျှော်လင့်ချက်ထားကာ ရွှေသမင်အလိုက်မှားလျှင်တော့ စာရေးသူတို့ မြန်မာပြည်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံမှသည် ကမ္ဘာပေါ်တွင်ပင် မရှိတော့သည့် အဖြစ်ဆိုးသို့ အသွင် ကူးပြောင်းသွားပေတော့မည်။
မည်သို့ဆိုစေ နအဖဝန်ကြီးများကတော့ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တရပ်တည်ဆောက်ရေးဆိုကာ မီးကုန်ယမ်းကုန် (မည်သူမျှမကြားချင်၍ နားပိတ်ထားသော်လဲ) အော်ဟစ်နေကြပါသည်။ စာရေးသူတို့ပြည်သူများမှလဲ
‘ဈေးကွက်စီးပွားရေးတဲ့လား နအဖရယ်၊
ဘယ်လိုပြောပြော
တို့ပြည်သူများမယုံပါတယ်။
ကယ်တင်ရှင်ဆိုသူ နအဖရယ်၊
လာရာလမ်းကို ပြန်တော့ကွယ်”
ဟူ၍သာ ကြွေးကြော်ရင်း နေရာမှန်ကို ပြန်ပို့လိုက်ကြပါစို့။
ခင်မမမျိုး
Posted by Khin Ma Ma Myo
Labels: economic articles
. ဟက်ပီ နယူးယီးယား တဲ့လား
ဉာဏ်ဦးမောင်
ဇန်န၀ါရီ ၁၊ ၂၀၀၉
ဒီနေ့ ၂ဝဝ၉ ရဲ့ ပထမနေ့၊ နယူးယီးယားဒေး။ ဒါကြောင့် လမ်းမှာတွေ့ရသူ အချင်းချင်း၊ လမ်းမှာ မတွေရပေမယ့် ဖုန်းနဲ့ စကားပြောဖြစ်လို့ပဲဖြစ်ဖြစ်၊ အီးမေးပို့ဖြစ်လို့ပဲ ဖြစ်ဖြစ်၊ အပြန်အလှန် "ဟက်ပီ နယူးယီးယား" ရယ်လို့ နှုတ်ခွန်းဆက်ကြတယ်။ ကြည်နူးဖွယ်ရာ။ ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာ ဖြစ်ပါစေပေါ့။ ဘယ်လောက် မင်္ဂလာဖြစ်ဖွယ် ကောင်းလိုက်ပါသလဲ။ သို့ပေမယ့် ဒါက နှုတ်ခွန်းဆက်မှု အနေနဲ့သာ မင်္ဂလာဖြစ်ပေမယ့် ဒီမင်္ဂလာကို လက်တွေ့ခံစားခွင့် မရနိုင်တဲ့သူတွေ၊ မရနိုင်မယ့်လူတွေက ကမ္ဘာပေါ်မှာ အမြောက်အများ။ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ။ ဒီတော့ အများနဲ့ ရောယောင်ကာ "ဟက်ပီ နယူးယီးယား" ဆိုလိုက်ရပေမယ့် အဲဒီလို မပျော်နိုင်မယ့်သူတွေအတွက် အားက ခပ်နာနာ။
မပျော်နိုင်မဲ့သူတွေ၊ ပျော်ခွင့် မသာနိုင်မယ့်သူတွေ ရှိမှန်းသိလျက် ပျော်ရွှင်ပါစေလို့ မျက်စိမှိတ် ပြောလိုက်ရမှာမျိုးက သူတို့ကို ငဲ့ညှာမှု၊ စာနာမှု မဲ့နေသလိုလို။ သူတို့တွေက လူတိုင်း ရသင့်တဲ့အရာကို မရနိုင် ဖြစ်နေကြသူတွေ။
တကယ်တော့ လူတိုင်းက ပျော်ရွှင်မှုကို မြတ်နိုးကြတာ။ လွတ်လပ်မှုကို ခုံမင်ကြတာ။ ငြိမ်းချမ်းမှုကို တမ်းတကြတာ။ သို့ပေမယ့် သူတို့ဘ၀က မလှပရှာကြဘူး။ မျှတသင့်တဲ့ ရပိုင်ခွင့်တွေ မျှတစွာ မရနိုင်ကြဘူး။ ပိုဆိုးတာက ရသင့်တာထက် ပိုရနေသူတွေရဲ့ စာနာမှုတွေကို မရနိုင်ကြခြင်းပါ။ မျက်စိမြင်လျက် ကွယ်နေသူတွေက လောကထဲမှာ အများသား။ ဆိုင်သလား မဆိုင်သလား မသိဘူး။ ဖတ်မိတဲ့ စာလေးက စိတ်ထဲ ပေါ်လာတယ်။ ဒါကိုလည်း ပြောပြချင်လာတယ်။
အက္ကဘာဘုရင်ကြီးက သူ့နိုင်ငံအတွင်းမှာရှိတဲ့ မျက်မမြင်တွေကို စာရင်းကောက်ဖို့ ညွှန်ကြားတယ်တဲ့။ ကောက်လို့ရတဲ့ စာရင်းဇယားကို အက္ကဘာဘုရင်ကြီးဆီတင်ပြဖို့ ယူအလာမှာ ဘုရင်ကြီးက ဘာဘယ် (အက္ကဘာရဲ့ လူယုံတော် အကြံပေး) ကို “စာရင်းကောက်ရတာ ခက်မယ် မဟုတ်ပါဘူး၊ နောက်ပြီး စာရင်းက များလှမယ် မဟုတ်ပါဘူး။ နိုင်ငံ အတွင်းမှာ မျက်စိမမြင်တဲ့သူက အနည်းအကျဉ်းပဲရှိတာ၊ သူတို့ကို ဒီကသက်ဆိုင်သူတွေက စားစရာပေးဖို့ စီစဉ်လိမ့်မယ်” လို့ မိန့်ပါတယ်။ ဒီတော့ ဘာဘယ်က “အရှင်မင်းကြီး အရှင်မင်းကြီးရဲ့နိုင်ငံတွင်းမှာ မြင်တဲ့သူအရေအတွက်ထက် ကန်းတဲ့သူအရေအတွက်က ပိုများပါတယ်။ အရှင်မင်းကြီးရဲ့ အစေအပါးတွေ ကောက်ယူလာတဲ့ စာရင်းထဲမှာ မျက်စိကောင်းနေပေမယ့် တကယ်မမြင်တဲ့သူတွေ (ကန်းနေသူတွေ) မပါဝင်လို့ ဖြစ်ပါလိမ့်မယ်” လို့ ပြန်လျှောက်ပါတယ်။ ဒီအခါမှာ အက္ကဘာဘုရင်ကြီးက နောက်ရပါ့မလားဆိုပြီး ဘာဘယ်ကို အမျက်တော်ထွက်ပါတယ်။ “တော်စမ်း ဘာဘယ်၊ မောင်မင်းရဲ့ ဟာသတွေကို ဒီမှာ ရပ်တန့်လိုက်စမ်း၊ ဒါနောက်ရမယ့် အချိန်မဟုတ်ဘူးလို့ ငေါက်ပါတယ်။ ဒီအခါမှာ ဘာဘယ်က သူနောက်နေတာ မဟုတ်တဲ့အကြောင်း၊ သူ့စကားကို သက်သေပြုဖို့ ရက်အနည်းငယ်သာ ခွင့်ပေးဖို့အကြောင်း ပြန်လည်လျှောက်ပါတယ်။
နောက်လေးငါးရက်ကြာတော့ မြို့လယ် လမ်းဆုံတနေရာမှာ လူတွေ ဝိုင်းအုံစူးစမ်းနေကြပါတယ်။ အဲဒီမှာ ဘယ်သူဖြစ်ရမှာလဲ။ လမ်းလယ်ခေါင် နေပူကျဲကျဲအောက်မှာ ဘာဘယ်က ရပ်လို့၊ သူ့ဘေးမှာလည်း သူ့လက်ထောက် တယောက်နဲ့အတူ ထိုင်ခုံတလုံးကိုလည်း ချထားလို့။ ဝိုင်းအုံကြည့်နေသူတွေကတော့ ထင်ရာမြင်ရာ ထင်ကြေးအမျိုးမျိုး ပေးကြတာပေါ့။ မနေနိုင်တဲ့သူအချို့ကတော့ ဘာဘယ်ကို “ဘာလုပ်နေတာလဲ” လို့ မေးကြပါတယ်။ ဘာဘယ်က ဘာမှပြန်မပြော။ ငုတ်တုတ်၊ တုတ်တုတ်မျှ မလှုပ်။ တစ်ယောက်လာမေးတိုင်း စာရင်းမှတ်ဖို့ကိုသာ သူ့တပည့်ကို ပြောပါတယ်။ သူ့တပည့်ကလည်း သူ့ဆရာခိုင်းတဲ့အတိုင်း တစ်၊နှစ်၊ သုံး၊လေ့း့ စသဖြင့် မှတ်တယ်ပေါ့။
များမကြာမီမှာပဲ ဘာဘယ်ရဲ့သတင်းက ရှင်ဘုရင်ကြီးနား ပေါက်ကြားသွားတယ်။ ဒီတော့ ရှင်ဘုရင်ကြီးကိုယ်တိုင် ကြွလာပြီး ဘာဘယ်ရဲ့ အခြေအနေကို ကြည့်ရှုစုံစမ်းတယ်ပေါ့။ ဘုရင့်ရဲ့ အကြံပေးအမတ်ကြီးဆိုတော့ တော်ကြာ ဘာဘယ်များ မဟုတ်တာတွေ လုပ်နေလျင် သူ့ပါ ထိခိုက်မယ် မဟုတ်လား။ ရှင်ဘုရင်ကြီးလည်း ဘာဘယ်လုပ်နေတာကိုမြင်တော့ အလွန်အံ့သြသွားပါတယ်။ ဟုတ်တာပေါ့လေ။ ဘုရင့်အတိုင်ပင်ခံအမတ်ကြီးက ခုလို ဘာမဟုတ်တဲ့ ကလေးကလားအလုပ်မျိုး လုပ်နေတာ ဘယ်မအံ့သြ ရှိပါ့မလဲ။
ဒါနဲ့ ရှင်ဘုရင်ကြီးက “ဟဲ့ ဘာဘယ်၊ နင်ဘာတွေ လုပ်နေတာတုန်း” လို့ အမေးတော်ရှိပါတယ်။ ဒီအခါမှာ ဘာဘယ်က “ဒီလောက် ထင်သာမြင်သာရှိတဲ့ နေပူကျဲကျဲ မြင်ကွင်းအောက်မှာ ကျွန်ုပ်ဘာလုပ်နေတယ်ဆိုတာ တွေ့နေရပါလျက် အကျွန်ုပ် ဘာလုပ်နေသလဲလို့ မေးတာ ဒီနေ့ တနေ့ထဲမှာပဲ ၂၅၅ ယောက် ရှိပြီ။ အဲဒီအထဲမှာ ရှင်ဘုရင်ကြီးက ခုနောက်ဆုံး မေးတဲ့သူပေါ့” လို့ ပြန်လည် လျှောက်ကြားလိုက်ပါတယ်။
အက္ကဘာဘုရင်ကြီးကတော့ ဘာဘယ်ရဲ့အဖြေကို ရသွားတော့ သဘောတွေကြလို့။ နှုတ်ကလည်း “ဘာဘယ် မောင်မင်းကတော့ တကယ့်ကိုမှ ပညာရှိပီသပါပေတယ်” လို့ ချီးကျူးစကားဆိုကာ အားရပါးရ ရယ်ပါတယ်။
မကြာမီနှစ်များအတွင်းက ကိုယ်တို့နိုင်ငံကို ကမ္ဘာပေါ်က ခေါင်းဆောင်ဆိုသူတွေ သွားလိုက်ကြ လာလိုက်ကြ။ အိမ်နီးနားချင်းတိုင်းပြည်ကြီး တိုင်းပြည်ငယ်တွေက ခေါင်းဆောင်ဆိုသူတွေလည်း ချောင်းပါမက မြစ်ကြီးတွေပင် ပေါက်လုမက။ အပြည်အပြည် ဆိုင်ရာ အဖွဲ့အစည်းကြီးတွေက သံတမာန်ကြီးတွေဆိုလည်း ထွက်ခလုပ်၊ဝင်ခလုပ်။ ကိုယ့်တိုင်းပြည်တွင်းမှာလည်း ရဟန်းပညာရှိ၊ လူပညာရှိဆိုသူကြီးတွေက ရေတွက်လို့ မကုန်။ တိုင်းပြည်အတွက် အသက်ကို ပေးထားပါတယ်ဆိုတဲ့ စစ်တပ်က ခေါင်းဆောင်ကြီးတွေဆိုတာလည်း နေရာတကာ။ မတွေ့ချင် အဆုံး။မမြင်ချင့် အရာအထောင်။
သို့ပေမယ့် နှစ်ကူးလာလို့မှ ဟက်ပီနယူးယီးယားဆိုတဲ့ စကားလေးကိုတောင် ပျော်ရွှင်စွာ မဆိုနိုင်၊ မကြားနိုင်ကြတဲ့ လူသားတွေ အမြောက်အများ ရှိနေတာကိုပင် သူတို့တွေ မမြင်နိုင်ကြ၊ မတွေ့နိုင်ကြ။ သူတို့ဒုက္ခ ကိုယ်နဲ့ ဘာမှ မဆိုင်သလို။ နေနိုင်လွန်းတတ်ကြ။
ဘာဘယ်ကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ကြောင်တောင်ကန်းတွေအကြောင်းကို သူ့ရှင်ဘုရင်ကြီးသိအောင် ပြောပြလိုက်တယ် မသိဘူး။ ဘုရင်ကြီးကလည်း ဘာဘယ်ဆိုလိုတဲ့ အဓိပ္ပာယ်စကားကို ဘယ်လိုနားလည်သွားသလဲတော့မသိဘူး။ သဘောတွေကျပြီး အားရပါးရ ရယ်မောတယ် တဲ့။
ကိုယ်ကတော့ မြင်ကွင်းက ခုလောက်ရှင်းနေပါလျက် အမြင် မခံရ၊ အစာနာ မခံရ ဖြစ်နေကြရရှာတဲ့ အလွန် အတိဒုက္ခရောက်နေသူတွေကို ကြည့်ပြီး ဟောဒီနှစ်ဦးမှာ မရယ်နိုင်ပဲ ငိုပဲငိုချင်နေမိတယ်။ ။
မကဒတ အပေါ်သုံးသပ်ချက် (မကဒတ ဒုတိယ မျိုးဆက်ဝင် တဦးမှ ဆွေးနွေးသည်)
“ပါရမီသက်ကုန်သွားလျှင် ပညာသက်ဖြင့် ဆက်ရမည်” ဟူသော စကားရပ်ကို ကြားဖူးသည်။ မကဒတ၏ လက်ရှိအခြေအနေသည်လည်း ထိုအတိုင်းပင်။ ဤနေရာတွင် “ပါရမီသက်” ဆိုသည်မှာ ၁၃၅၀ ပြည့် ဒီမိုကရေစီအရေးတော်ပုံကို ရည်ညွန်းခြင်းဖြစ်သည်။ “ရှစ်လေးလုံး - ပါရမီသက်” အစား “ကျိုးစား အားထုတ်မှု - ပညာသက်” ဖြင့် ဆက်ရမည့် အခြေအနေအချိန်အခါသို့ ဆိုက်ရောက်လာပြီဟု သုံးသပ်ယူဆသည်။ “ပညာသက်” ဘာဖြစ်သင့်သနည်း။ ထိုသည်ကို ဗမာပြည် ကျောင်းသားလှုပ် ရှားမှု၊ ကျောင်းသားအဖွဲ့အစည်းများ (အထူးသဖြင့် ဗကသ) တိုက်ပွဲစဉ်ဆက်၊ သမိုင်းအစဉ်အလာများနှင့်အညီ ရှာဖွေရမည်ဖြစ်သည်။ယခုနှစ်သည် ၁၃၅၀ ပြည့်အရေးတော်ပုံ အနှစ် ၂၀ ပြည့်နှစ် ဖြစ်သလို ABSDF (ကျောင်းသားတပ်မတော်) ၏ အနှစ် ၂၀ ပြည့်နှစ်လည်း ဖြစ်သည်။ အနှစ် ၂၀ ဟူသည် မျိုးဆက်တဆက်ဖြစ်သည်။ ABSDF အနှစ် ၂၀ အား သုံးသပ်ခြင်းသည် ABSDF ပထမမျိုးဆက်အား သုံးသပ်ခြင်းပင်ဖြစ်သည်။ABSDF ၏ အနှစ် ၂၀ ခရီးအား ပြန်ကြည့်သောအခါ --- ABSDF ပထမမျိုးဆက်၏ ကောင်းမှုများအဖြစ် ---
ABSDF အား ၁၃၅၀ ပြည့်အရေးတော်ပုံ မျိုးဆက်၏ တပ်ဦးအဖွဲ့အစည်းအဖြစ် သမိုင်းအမွေ ဆက်ခံကာ ဖွဲ့စည်းနိုင်ခဲ့သည်။
ဗမာပြည်အနှံ့အပြားရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးဒေသအသီးသီးသို့ ရောက်ရှိ နေသော ၁၃၅၀ ပြည့် အရေးတော်ပုံ ကျောင်းသားအများစုအား စုစည်း၍ ABSDF အား ဖွဲ့စည်း နိုင်ခဲ့သည်။
၁၃၅၀ ပြည့်အရေးတော်ပုံ၏ အမြင့်ဆုံး ကြွေးကြော်သံဖြစ်သည့် “ရ ရင် ရ။ မရ ရင် ချ” ကြွေးကြော် သံအား လူထုလမ်းညွှန်ချက်အဖြစ် သဘောထားကာ ABSDF (ကျောင်းသားတပ်မတော်) ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။
စစ်အုပ်စု၏ လက်အောက်တွင် ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီ အခွင့်အရေးများကို ရရှိ နိုင်လိမ့်မည် မဟုတ် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၄ မှ) --- ဟု ယုံကြည် ခံယူကာ နေ၀င်းစစ်အုပ်စုအား အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် လက်နက်ကိုင် တော်လှန်ရေးကြီးကို အောင်မြင်သည် အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) --- ကြေငြာချက် (၁) တွင် ဖေါ်ပြ၍ ABSDF အား ရှစ်လေးလုံး အရေးတော်ပုံ၏ လက်နက်ကိုင်တော်လှန်ရေး တပ်ဦးအဖွဲ့အစည်းအဖြစ် အတိအလင်း ဖွဲ့စည်း နိုင်ခဲ့သည်။
ဗမာပြည်ကျောင်းထုတရပ်လုံးနှင့် ကျောင်းသားလှုပ်ရှားမှုတလျောက်လုံးကိုင်စွဲခဲ့သည့် အမျိုးသား နိုင်ငံရေးလမ်းကြောင်းအား ABSDF ၏ ဦးဆောင်နိုင်ငံရေး အတွေးအခေါ်လမ်းစဉ်ဖြစ်သည့် အမျိုးသား နိုင်ငံရေးလမ်းစဉ်အဖြစ် တရားဝင် ပြဌာန်း ကိုင်စွဲနိုင်ခဲ့သည်။
လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတရပ်အနေဖြင့် မရှိမဖြစ်လိုအပ်၍ အသက်သွေးကြော သဖွယ် ဖြစ်သော နိုင်ငံရေး လမ်းစဉ်။ စစ်ရေး လမ်းစဉ်တို့အား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
ABSDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ကျောင်းသားတပ်မတော်ဥပဒေ။ နည်းဥပဒေ အစရှိသော ဥပဒေများအား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
ဤကောင်းမှုများအတွက် ပထမမျိုးဆက်ကို ကျေးဇူးတင်ရမည်ပင်။ ထို့အပြင် ABSDF ပထမမျိုးဆက် အနှစ် ၂၀ အတွင်း တနိုင်ငံလုံးလက္ခဏာဆောင်သည့် ထိုးစစ်ကြီး များအဖြစ် အောက်ပါတို့ကို တွေ့ရမည်ဖြစ်သည်။
DAB ပူးတွဲစစ်ဆင်ရေးလှုပ်ရှားမှု (၁၉၉၀) - တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် လက်တွဲ၍ “ရေး” မြို့သိမ်းတိုက်ပွဲအထိဆင်နွှဲနိုင်ခဲ့သည်။
အခြေခံဒေသထိုးဖောက်ရေးလှုပ်ရှားမှု (၁၉၉၂) - ၁၉၉၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ကိုယ်ပိုင်ဒေသရရှိရေးအတွက် ဆင်နွှဲသည့် စစ်ဆင်ရေးဖြစ်သည်။
တနိုင်ငံလုံးသဘောဆောင်သည့် စစ်ရေးအောင်မြင်မှုအဖြစ် …
ရန်သူစစ်အုပ်စု၏ “နဂါးမင်းထိုးစစ် - ၁၉၉၂ (မာနယ်ပလောထိုးစစ်)” အား ABSDF အပါအ၀င် လက်ဝဲလက်ယာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ စုပေါင်းကာ ခုခံကာကွယ်ခြင်းဖြင့် တော်လှန်ရေး ဂုဏ်သိက္ခာတက်စေခဲ့သည်။
ဤသည်လည်း ABSDF ပထမမျိုးဆက်၏ ကောင်းမှုဟုပင် ယူသော်ရမည်ထင်သည်။ ဆက်လက်၍ မကဒတ ပထမမျိုးဆက်၏ မကောင်းမှုများအား ဆွေးနွေးပါမည်။
အုပ်စုဝါဒ၊ ဂိုဏ်းဂဏ၀ါဒ အထွဋ်အထိပ်ရောက်ရှိခဲ့သည်။ (ဖွဲ့တည်မှု့စကတည်းကပင် မြို့၊ နယ်၊ သပိတ်စခန်း၊ စသည့် အစုအဖွဲ့များမှ အုပ်စုဖွဲ့ တောခိုခဲ့ကြသည် အလေ့အထမှ မြစ်ဖျားခံခဲ့သည်။)
အုပ်စုဖွဲ့ ဗိုလ်ကျသည့် အလေ့အထ အားကောင်းခဲ့သည်။ (ဤနေရာမှစ၍ တလျောက်လုံး ဖြစ်ခဲ့သည့် စီမံခန့်ခွဲမှုအမှားများ ဖြစ်ခဲ့ခြင်းဖြစ်သည်။)
ရန်သူစစ်အုပ်စုအပေါ် ပြတ်သားသည့် အတွေးအခေါ်အားနည်းခဲ့သည်။ (ဤအချက်သည် ရေရှည်အားဖြင့် ယနေ့တိုင်ဖြစ်ပေါ်နေသည့် ရန်သူကို ရန်သူလို့ မခေါ် နဲ့၊ တိုက် မရရင် ရန်သူ့ အောက်လျှိုဝင်ဟူသည့် အတွေးအခေါ်အား ဖြစ်ပေါ်စေခဲ့သည်။)
တဦးချင်း အတတ်ပညာ ဖြည့်စည်းမှုကိုသာ အလေးသာပြီး တပ်တည်ဆောက်ရေးကို အလေးနည်း ခဲ့သည်။ (ဤသို့ဖြင့် ခေါင်းဆောင်ကြီးများ ဟားဗတ်သို့ အ ပြေးပြိုင်ကြလေတော့သတည်း။)
ဘာသာရပ် တခုချင်းအလိုက် ကြွမ်းကျင်မှုကို အခြေခံပြီး ပညာရှင်များဟု အမည်ခံကာ လူထု တရပ်လုံးကို မှားယွင်းသည့် အတွေးအခေါ် ပေးခဲ့သည်။
ငါတို့လုပ်မှရမယ်၊ ငါတို့ခေါင်းဆောင်မှ ရမယ် ဟူသည့် ကယ်တင်ရှင်ဝါဒ အတွေးအခေါ်အမှားကို ကိုင်စွဲခဲ့ကြသည်။
လူထုကို အထင်အမြင်သေးသည့် အတွေးအခေါ်ရှိခဲ့သည်။
နိုင်ငံရေး၊ နိုင်ငံရေးရပ်ခံမှုနှင့် နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအစဉ်အလာအား ဗဟိုပြုသည့် ခေါင်းဆောင်မှု ရွေးချယ်ရမည့်အစား ငွေရှာနိုင်မှုကို ဗဟိုပြုကာ ခေါင်းဆောင်မှုရွေးချယ်သည့် အလေ့အထ ထွန်းကားခဲ့သည်။
ကိုယ်ပိုင်စီးပွားရေး စာကြက်များကို ခိုင်မာတောင့်တင်းအောင် လုပ်ပြီး ရဲဘော်ထုအား ငွေဖြင့်ဖျားယောင်းကာ လက်အောက်ခံဖြစ်စေ၍ ကြွေးတာယူ၊ ခိုင်းတာ လုပ်၊ ခံမပြောနဲ့ဆိုသည့် အတွေးအခေါ်အမှား တင်သွင်းခဲ့သည်။
ငွေရှင်၊ ကြေးရှင်များအပေါ် အလိုလိုက်မှုများခဲ့သည်။
ထိုသည်၏ နောက်ဆက်တွဲအဖြစ် ငွေရှင်၊ ကြေးရှင်များ၏ လက်အောက်ခံဖြစ်ခဲ့ရသည်။
ထိုသည်၏ နောက်ဆက်တွဲအဖြစ် ပရိုပိုဆယ် နိုင်ငံရေးသမားများဖြစ်ခဲ့ရသည်။
ထိုသည်၏ နောက်ဆက်တွဲအဖြစ် လက်နက်နှင့် ဒေါ်လာလဲသည့်အနေအထားသို့ ဆိုက်ရောက် သွားခဲ့သည်။
ယနေ့ ရောက်ရှိနေသည့် တပ်ဦး၏ မျိုးဆက်လက္ခဏာအား ဆက်လက် ဆွေးနွေးပါမည်။ မျိုးဆက်တွက်ချက်မှု နှစ်ကာလအရ အနှစ် ၂၀ လျှင် မျိုးဆက် တဆက်ဖြစ် သည်။ မကဒတသည် ၂၀၀၈ သို့ရောက်သောအခါ မျိုးဆက် တဆက်သို့ ကူးပြောင်းသွားပြီ ဖြစ်သည်။ မကဒတ ပထမမျိုးဆက်နှင့် မကဒတ ဒုတိယ မျိုးဆက်ဟူ၍ ဖြစ်သည်။ ထိုမျိုးဆက် ၂ ခုသည် သီးခြားလက္ခဏာများကိုယ်စီ ရှိနေကြသည့် မျိုးဆက်များဖြစ်သည်။ ထိုသီးခြားလက္ခဏာများအား ဆွေးနွေးပါမည်။
ပထမမျိုးဆက်သည် တခွင်တပြင်လုံး လက္ခဏာအရ ၂၀ ရာစု၏ နောက်ဆုံးမျိုးဆက်ဖြစ်သည်။
ဒုတိယမျိုးဆက်သည် တခွင်တပြင်လုံး လက္ခဏာအရ ၂၁ ရာစု၏ ပထမဦးဆုံးမျိုးဆက်ဖြစ်သည်။
ပထမမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီးမှ တိုက်ရိုက်ထွက်ပေါ်လာသည့် အင်အားစု ဖြစ်သည်။
ဒုတိယ မျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီးအား ပထမ မျိုးဆက်နှင့်အတူ ဆက်ခံလိုက်ပါပြီး ပထမ မျိုးဆက်၏ ဦးဆောင်မှုအောက်တွင် တော်လှန် သည့် နိုင်ငံရေးတာဝန်များ ထမ်းဆောင် ခဲ့ကြသည့် အင်အားစု ဖြစ်သည်။
ပထမမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီး၏ “ကောင်းမွေ (ပါရမီသက်)” အားလုံး (လက်နက်ကိုင်တော်လှန်ရေးအတွက် နယ်မြေ၊ လက်နက်၊ တပ် အားကောင်းမောင်းသန်ဖြစ်သည့် အင်အား၊ ၉၀ - မေ ရွေးကောက်ပွဲရလာဒ်) ကို လက်ခံရယူပြီး တော်လှန်သည့် နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခွင့် ရခဲ့သည့် အင်အားစုဖြစ်သည်။
ဒုတိယမျိုးဆက်သည် ကောင်းမွေ (ပါရမီသက်) အကြွင်းအကျန်များကိုသာ လက်ခံရယူနိုင်မည် ဖြစ်ပြီး ဆိုးမွေများ (ဥပမာ - အကြမ်းမဖက်ရေးအပါအ၀င် တိုက်လို့ မရရင် သူ့အောက်ကိုဝင်လုပ် ဆိုသည့်အလျှော့ပေးရေးအတွေးအခေါ်များ၊ အင်အား ကိုယ်ရေစစ်မှု) ကိုသာ လက်ခံရယူနိုင်မည် ဖြစ်ပြီး “အားထုတ်မှု - ပညာသက်” ဖြင့် တော်လှန်သည့်နိုင်ငံရေးကျန်းမာမှုကို ဆက်ရမည့်သူများ ဖြစ်သည်။
ပထမ မျိုးဆက်သည် နိုင်ငံရေးပါတီ အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းနိုင်မှု မရှိပဲ စစ်အုပ်စုအဖြစ် ဗြောင် ရပ်တည်နေရသည့် ရန်သူနှင့် အခြေခံ ဥပဒေမရှိပဲ အစိုးရ လုပ်နေရသည့် ရန်သူအား နိုင်ငံရေးအသာ စီးဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခွင့်ရခဲ့သူများဖြစ်သည်။
ဒုတိယ မျိုးဆက်သည် စစ်အုပ်စုမှ စိတ်ကြိုက်ရေးစွဲထားသည့် အခြေခံဥပဒေ အတည်ပြုနိုင်ခဲ့ပြီး အခြေအနေနှင့် စစ်ဗိုလ်တမတ်သား ပါလီမန်ဖြင့် တရားဝင် အ စိုးရလုပ်မည့်ရန်သူအား နိုင်ငံရေး ဗလုံးဗထွေးအခြေအနေဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များအား ထမ်းဆောင်ရမည့် သူများ ဖြစ်သည်။
ပထမ မျိုးဆက်သည် နိုင်ငံတကာ အခြေအနေအရ လူအခွင့်အရေး၊ အကြမ်းမဖက်ရေး၊ ဒီမိုကရေစီရေး … စသည်များကို သွင်းကုန်အဖြစ်တင်သွင်းနေသည့် ကမ္ဘာ့ အခြေအနေတွင် နိုင်ငံရေးလုပ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် အနှစ် ၂၀ ကာလ တပ်ဦးအတွင်း ပေးခဲ့သည် နိုင်ငံရေးသင်တန်း အမျိုးအစားများအား မိမိ သိမှီသလောက် တင်ပြသွားပါမည် …- အမေရိကန်သံတမန်ဂုရုကြီး ကစ်ဆင်းဂျား၏ နာမည်ကျော် လွန်းပြန် သံတမန်နည်းနာသင်တန်း၊- အကြမ်းမဖက်နိုင်ငံရေးအန်တုမှု (PD) သင်တန်း- လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေ၊ ဖက်ဒရယ်သင်တန်း- သတင်းထောက်သင်တန်း- နိုင်ငံခြားရေးသင်တန်း၊ - အသွင်ကူးပြောင်းရေးကာ တရားဥပဒေ စိုးမိုးမှုသင်တန်း- ပဋိပက္ခ ညှိနှိုင်းအဖြေရှာခြင်းသင်တန်း - လူထုအဓိက လူ့အဖွဲ့အစည်းသင်တန်း- (CO) သင်တန်း … စသည် လက်နက်ကိုင်တော်လှန်ရေးကို အားမပေးသည့် အတွေးအခေါ် အခင်းအကျင်းကို ဖန်တီးပေးမည့် နိုင်ငံရေးသင်တန်းများကိုသာ တွေ့ရမည်ဖြစ်သည်။)
ဒုတိယ မျိုးဆက်သည် နိုင်ငံတကာအခြေအနေအရ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲအား သွင်းကုန်အဖြစ်တင်သွင်းနေသည့် ကမ္ဘာ့ အခြေ အနေ အောက်တွင် တော်လှန်သည့် နိုင်ငံရေးတာဝန်များအား ထမ်းဆောင်ရမည့် အင်အားစုဖြစ်သည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် ထိုကမ္ဘာ့အခင်းအကျင်းမှ ဖန်တီးလိုက်သည့် ထင်ရှားထူးခြား သည့် နိုင်ငံတကာ အခြေအနေအား မိမိသိမီသမျှ တင်ပြပါမည်။- “ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွင် ကြားမရှိ ရန်သူနိုင်ငံနှင့် မိတ်ဆွေနိုင်ငံ သာရှိသည်” ဟူသော နိုင်ငံတကာတည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် ပေါ်လစီအား အမေရိကန်မှ ထုတ်ပြန်ကြေငြာခြင်း- အာဖဂန်နစ္စတန်ကို ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း- မိစ္ဆာဝန်ရိုးစွန်း ၃ နိုင်ငံ စာရင်းအား တင်သွင်း ကြေညာခြင်း- အီရတ်နိုင်ငံအား ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း- ပါကစ္စတန်နိုင်ငံ စစ်အာဏာသိမ်းပွဲအား အမေရိကန်မှ ထောက်ခံလိုက်ခြင်း- ထိုင်းအာဏာသိမ်းပွဲအား အမေရိကန်မှကန့်ကွက်မှုမပြုခြင်း …စသည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အကြမ်းမဖက်ရေးစံများမှ ခွဲထွက်လာသည့် အခင်းအကျင်းများကို တွေ့ရမည် ဖြစ်သည်။)
ပထမမျိုးဆက်သည် စစ်အေးလွန်ခေတ်တွင် နိုင်ငံရေးလုပ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
ဒုတိယမျိုးဆက်သည် ဒုတိယစစ်အေးခေတ် (၂၀၀၅ - ကစ်ဆင်းဂျား၏ စာအုပ်တွင် “ကမ္ဘာ့နိုင်ငံရေး၏ ဗဟိုဆွဲအားသည် အတ္တလန်တစ်မှ ပစိဖိတ်သို့ ရွှေ့လာ ပြီ”ဟု ရေသားခဲ့ပြီး ကတည်းက စတင်ခဲ့သည်။ နာဂစ်တွင် အမေရိကန်စစ်သင်္ဘောများ ပင်လယ်ဝရောက်မှ ပြန်ထွက်သွားခြင်းသည် ထိုအခြေအနေ၏ ဖေါ်ပြ ချက်ဖြစ်သည်။) တွင် တော်လှန်သည့် နိုင်ငံရေး တာဝန်များထမ်းဆောင်ရမည့် အင်အားစုဖြစ်သည်။
ပထမမျိုးဆက်သည် နိုင်ငံတကာသံတမန်ရေးတိုက်ပွဲကို အားပြုခဲ့သည့် အင်အားစုဖြစ်သည်။
ဒုတိယမျိုးဆက်သည် ပြည်တွင်းလူထုကိုမှီခိုကာ တော်လှန်စစ်နွဲရမည့် အင်အားစုဖြစ်သည်။
ပထမမျိုးဆက်သည် ရှစ်လေးလုံး အရေးတော်ပုံနှင့် စတင်ခဲ့ပြီး ရွှေဝါရောင်အကြွေးဖြင့် အဆုံးသတ် ခဲ့ရသည့် အင်အားစုဖြစ်သည်။
ဒုတိယမျိုးဆက်သည် ရွှေဝါရောင်အကြွေးဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များကို စတင် ထမ်းဆောင်ရမည့် မျိုးဆက်ဖြစ်သည်။
ဤသည်များသည် မျိုးဆက် ၂ ဆက်၏ အခြေခံကွဲပြားသည့် ကြင်အင်လက္ခဏာများဖြစ်သည်။ ဆက်လက်၍ မျိုးဆက် ၂ ဆက်၏ ချိတ်ဆက်မှုနှင့် ကျရောက်မည့် တာဝန်အသီးသီးကို ဆွေးနွေးပါမည်။ တပ်ဦး၏ စုဖွဲ့ပုံကို ဤသို့ချိတ်ဆက် တာဝန် ခွဲဝေရမည်ဟု မြင်သည်။ “ပထမမျိုးဆက်သည် မဏ္ဍိုင်အင်အား၊ ဒုတိယမျိုးဆက်သည် အဓိက အင်အား။” ထိုသို့ အဘယ့်ကြောင့် ပြောသနည်း။ သမိုင်းဆိုင်ရာ မုချလက္ခဏာအရ ပထမ မျိုးဆက်သည် ရပ်တန့်နေသည့် မျိုးဆက်ဖြစ်သည်။ ဒုတိယ မျိုးဆက်သည် အခိုင်အမာ အချက်အလက်များအရ မုချတိုးပွားလာမည့် မျိုးဆက် ဖြစ်သည်။ ဒုတိယမျိုးဆက် မည်သို့တိုးပွားမည်နည်း။ မရှိရာမှာ ရှိရာသို့ တိုးပွားမည်။ အရေအတွက်မှ အရည်အချင်းသို့ တိုးပွားမည်။ပထမမျိုးဆက် အဘယ့်ကြောင့် မဏ္ဍိုင်အင်အားစုဖြစ်သနည်း။ မကဒတ၏ပထမမျိုးဆက်သည် မကဒတ ဖွဲ့စည်းဖြစ်တည်မှုနှင့် ပတ်သက်လျင် ပဓာန ကာယကံရှင်များ ဖြစ်သည်။ ၎င်းတာဝန်ကို မကဒတတွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြသည့် ပထမမျိုးဆက်ဝင်များမှ ငြင်းပါယ်ခွင့်မရှိ။ မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များ၏ တာဝန်ကြီးလေးမှုသည် ထိုနေရာမှ စတင်သည်။မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များသည်
ရှစ်လေးလုံးတိုက်ပွဲမှထားခဲ့သည့် တိုက်ပွဲအမွေအနှစ်များအား ဆက်လက် ကာကွယ်ထိမ်းသိမ်းရေး၊
မကဒတ တည်တံ့ခိုင်မာရေး၊
မကဒတ တပ်ဦးအခန်းပြန်လည် ရောက်ရှိရေး၊
ကျောင်းသားထု ညီညွတ်ရေး၊
ပြည်သူလူထုအတွင်း တိုက်ပွဲဝင်အင်အားများ စုစည်းညီညွတ်စေရေးနှင့်
မကဒတ၏ ဦးတည်ချက် ၄ ရပ် အထမြောက်အောင်မြင်စေရေး
စသည့် လုပ်ငန်းတာဝန်များအား မကဒတ၏ ပထမမျိုးဆက်များမှ ပဓာနကျသည့် မဏ္ဍိုင်အခန်းမှ နေ၍ အဓိကအင်အားစုဖြစ်သည့် ဒုတိယမျိုးဆက်နှင့်လက်တွဲကာ တက်ကြွသည့်တာဝန်ယူတာဝန်ခံ စိတ်ဓာတ်ဖြင့် ဆက်လက်ထမ်းဆောင် ရမည်ဖြစ်သည်။မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များလုပ်ဆောင်ရမည့် တာဝန်များတွင် မကဒတ တည်တံ့ရေး၊ ခိုင်မာရေးသည် အခရာ အကျဆုံး ဖြစ်သည်။ မကဒတ တည်တံ့ရေး၊ ခိုင်မာရေးအတွက် မကဒတ ပထမမျိုးဆက်၏ နိုင်ငံရေးဟောင်း နိုင်ငံရေးအမှားများအားလုံးကို အကြွင်းမဲ့ဆန့်ကျင်သွားရန် လိုသည်။ အထူးအားဖြင့် ဂိုဏ်းဂဏ၀ါဒလုပ်ဟန်သည် မကဒတအား နင်းချေရာတွင် အဆုံးအဖြတ် ကျခဲ့သည်။ ၎င်းအား အကုန်အစင်တိုက်ဖျက်သွားရန်လိုသည်။ ဗဟိုဦးစီး ဒီမိုကရေစီကို အားကောင်း တောင့်တင်းသည့် လုပ်ဟန်ကို ထူထောင်ရန်လိုသည်။ လူကို ဗဟိုပြုစဉ်းစားသည်ထက် မူကို ဗဟိုပြုစဉ်းစားသည့် လုပ်ဟန်ကို ထူထောင်ရမည်။ တဦးချင်း (သို့) အစုအဖွဲ့တခု၏ စဉ်းစားချက်အား လက်တွေ့လုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်သည်ထက် အစည်းအဝေး ဆုံးဖြတ်ချက်များအား လက်တွေ့ လုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်သည့် လုပ်ဟန်ကို ထူထောင်ရမည်။ ဗဟိုဦးစီး ဒီမိုကရေစီစနစ်ကို အားကောင်းရန် ထူထောင်လုပ်ဆောင်ခြင်းသည် ကျောင်းသား တပ်မတော် အား စေတနာအပါဆုံး တပ်တည်ဆောက်ရေးလုပ်ဟန်ဖြစ်သည်။ ဗဟိုဦးစီး ဒီမိုကရေစီပျက်ခြင်းသည် အဖွဲ့အစည်းပျက်စီးခြင်းပင် ဖြစ်သည်။မကဒတသည် ဗမာပြည်ကျောင်းသားထုနှင့် ကျောင်းသားအဖွဲ့အစည်းများအားလုံး၏ လက်နက်ကိုင် တော်လှန်ရေးစစ်ကြောင်းဖြစ်ကြောင်းကို အခိုင်အမာ ထုထောင်ရ မည်။ မကဒတ၏ တပ်ဦးဖြစ်မှုသည် လက်နက်ကိုင် တော်လှန်ရေးတာဝန်ကို မည်မျှ တာဝန်ကျေအောင် ထမ်းဆောင်နိုင်သည် ဆိုသည့် အပေါ်တွင် မူတည်သည်။ ကျောင်းသားနှင့် နိုင်ငံရေးဆောင်ရွက်မှု အပိုင်းအား ဗိုလ်ချုပ်အောင်ဆန်း၊ သခင် ဗဟိန်းတို့မှ ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ ယခု ဆက်လက်ရှင်းလင်းရန်လိုသည်မှာ ကျောင်း သားများ လက်နက်ကိုင်တော်လှန် ရေးလုပ်သည့် အစဉ်အလာရှိ၊ မရှိဆိုသည့် ကိစ္စဖြစ်သည်။ ကျောင်းသားသမဂ္ဂ အစဉ်အလာတွင် လက်နက်ကိုင် တော်လှန်ရေး လုပ်ခဲ့သည့် အစဉ်အလာများရှိကြောင်း အခိုင်အမာဆိုပါသည်။ ကျောင်းသားသမဂ္ဂများသည် အ ကြမ်းမဖက်သော နိုင်ငံရေးတိုက်ပွဲများသာ ဆောင်ရွက်ကြောင်း ပြောကြားချက်များသည် ကျောင်းသားများအား တိုက်ပွဲလမ်းမှားသို့ ပို့ဆောင်နေသည့် အယူအဆ သာလျှင်ဖြစ်သည်။ တနည်းအားဖြင့် အကြမ်းမဖက်ရေး နိုင်ငံရေးမီးရှုးမီးပန်းများလွှတ်ကာ စီးပွားဖြစ်နေသူများ၏ နိုင်ငံရေး မှိုင်းတိုက်မှုသာလျှင် ဖြစ်သည်။ အစဉ်အလာ အရ ကျောင်းသားများသည် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွင် လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်မှုများနှင့် လက်တွေ့အရ ပါဝင်မှုများရှိခဲ့ကြောင်း တွေ့ရမည် ဖြစ်သည်။ နယ်ချဲ့အား လက်နက်စွဲကိုင်တိုက်ပွဲဝင်ရန်အတွက် ဗကသ သည် “ကျောင်းသားသံမဏိတပ်” အားဖွဲ့စည်းခဲ့သည်။ ထို “ကျောင်းသားသံမဏိတပ်”၏ ဖွဲ့စည်း မှု၊ သင်တန်းပေးမှု အားလုံးသည် စစ်တပ်တခု၏ ဖွဲ့စည်းမှုနှင့် သင်တန်းများ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ အခိုင်အမာ အချက်အလက်အရ ပြောရလျင် ရဲဘော်သုံး ကျိပ်ဝင် ဗိုလ်ရန်နိုင်သည် ကျောင်းသားသံမဏိတပ် အား စတင် ထူထောင်သူပင်ဖြစ်ပြီး သံမဏိ ထွန်းရှိန်ဟု ပင်တွင်သည်။ လက်တွေ့ အချက်အလက်အရလည်း နယ်ချဲ့ အား လက်နက်ကိုင် တော်လှန်ရန်အတွက် ရဲဘော်သုံးကျိပ် စုစည်းသောအခါ ကျောင်းသားသမဂ္ဂ၀င် ၃ ဦး ပါဝင်ခဲ့သည်။ ဗကသ ဥက္ကဌ ဖြစ်သည် ကိုလှမောင် (ဗိုလ်ဇေ ယျ)၊ ဗကသ အတွင်းရေးမှူးဖြစ်သည် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ နယ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်သည့် ကိုလှ (ဗိုလ်ကျော်ဇော)တို့ဖြစ်သည်။ ထို့အချက်အလက်များ အရ ကောက်ချက်ချရလျှင် ကျောင်းသားတပ်မတော်သည် ကျောင်းသားသံမဏိတပ် ၏ အဆက်ပင်ဖြစ်သည်။ ကျောင်းသားများ လက်နက်ကိုင် တော်လှန်ခြင်းသည် ကျောင်းသားသမဂ္ဂများ သမိုင်းအစဉ်အလာနှင့် ညီညွတ်သည်။ ထိုတရားကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချီရမည်ဖြစ်သည်။ ယနေ့ လုပ်ရမည့် ကျောင်း သား ၀တ္တရားဆိုင်ရာ ၀ါဒဖြန့်ချီရေးလုပ်ငန်းလည်းဖြစ်သည်။ မကဒတအား တပ်ဦးအခန်း ပြန်လည်မြင့်တင်ရေး၏ အတွေးအခေါ်ဆိုင်ရာ၊ တရားဆိုင်ရာ၊ အစဉ်အလာ ဆိုင်ရာ လှုပ်ရှားမှုလည်း ဖြစ်သည်။မကဒတ သည် ကျောင်းသား သမဂ္ဂများ တရားဝင် တည်ရှိနိုင်ခွင့် မရှိခြင်းဆိုသည့် အခြေအနေမှ ပေါ်ထွက်လာ ရခြင်းဖြစ်သည်။ ဗမာပြည် ကျောင်းသား သမဂ္ဂများ၊ ကျောင်းသားလှုပ်ရှားမှုများ၏ သမိုင်းအစဉ်အလာအား ပြန်လည်ကြည့်ဆိုပါက ကျောင်းသားထု ညီညွတ်ရေးအတွက် တစိုက်မက်မက် လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ယနေ့အခြေအနေအရ မကဒတသည် ကျောင်းသားအဖွဲ့အစည်း အားလုံးတွင် အခိုင်အမာဆုံး တည်ရှိနေသည့် ကျောင်းသားအင်အားစုဖြစ်သည်။ အခိုင်အမာ အချက်အလက်များအရ ကျောင်းသားညီညွတ်ရေးတာဝန်အား မကဒတမှ မုချထမ်းဆောင်ရမည်ဖြစ်သည်။ ကျောင်းသားညီညွတ်ရေးတာဝန်အား ထမ်းဆောင်ခြင်းသည် မကဒတ တည်တံ့ခိုင်မာရေးအတွက် သော့ချက်ဖြစ်သလို မကဒတ တပ်ဦးအခန်း ပြန်လည်ရရှိရေးအတွက် လည်း အရေးကြီးသည့် လုပ်ငန်း ဖြစ်သည်။ ထိုအပြင် မကဒတအနေဖြင့် ရှေ့ဆက်လက်သွားရမည့် နိုင်ငံရေးခြေလှမ်းများအတွက်လည်း အသက်တမျှ အရေးကြီးသည်။ မကဒတ ဆက်လက်သွားသင့်သည့် နိုင်ငံရေးခြေလှမ်း (၂) လှမ်းအား ဆက်လက်ဆွေးနွေးပါမည်။
ကျောင်းသားထု ညီညွတ်ရေး၊
တိုက်ပွဲဝင်အင်အားများ စုစည်းညီညွတ်စေရေး တို့ပင်ဖြစ်သည်။
ကျောင်းသားထုညီညွတ်ရေးနှင့်ပတ်သက်၍ ကျောင်းသားအဖွဲ့အစည်းများညီညွတ်ရေးကို ဆောင်ရွက်ရမည် ဖြစ်သည်။ ၁၉၆၂ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဗမာပြည်တွင် ကျောင်းသားသမဂ္ဂ ၃ ကြိမ် ပေါ်ပေါက်ခဲ့ဖူးသည်။ ၁၉၈၈ ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်တို့မှ ဖွဲ့စည်းခဲ့သည့် ကျောင်းသားသမဂ္ဂ၊ ၁၉၉၃ အိုးဝေဇော် (ရဲဘော် ထက်မိုး) နှင့် ရဲဘော်များမှ ဖွဲ့စည်းခဲ့သည့် ဗကသ (ယာယီ)နှင့် ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုတွင် ပေါ်ပေါက်လာသည့် မျိုးဆက်သစ် (ဗကသ) တို့ပင်ဖြစ်သည်။ ၈၈ ကျောင်သားသမဂ္ဂသည် ကျောင်းသားတပ်မတော်အဖြစ် ယနေ့တိုင် ရပ်တည်နေဆဲဖြစ်သည်။ ၉၃ ဗကသ (ယာယီ) သည် ဗကသ နိုင်ငံခြားရေးကော်မတီအဖြစ် ရပ်တည်လျှက်ရှိသည်။ အနီးဆုံးနေရာမှစတင်ကာ ညီညွတ်ရေးကို ဖေါ်ဆောင် ရမည်။ ထိုညီညွတ်ရေးဖြင့် ပြည်တွင်းအင်အားစုဖြစ်သည့် မျိုးဆက်သစ် ဗကသအား ဆက်လက်၍ ညီညွတ်ရေးကို ဖေါ်ဆောင်ရမည်။ ပြည်တွင်း ကျောင်းသားအင်အားစုများထဲတွင် အသစ်ဖြစ်သော ၂၁ ရာစု ဗမာပြည် ယဉ်ကျေးမှု အခင်းအကျင်း အတွင်းမှ ပေါ်ထွက်လာသည့် အသစ်ဖြစ်သော ကျောင်း သား အင်အားစုကို အထူးပြု ပြောလိုပါသည်။ ၂၁ ရာစု ဗမာပြည်တွင် ယခင်နှင့်မတူသည့် ပညာရေး အဆောက်အဦသစ် တခုပေါ်ခဲ့သည်။ ဗုဒ္ဓဘာသာ တက္ကသိုလ်။ ၂၀၀၇ လှုပ်ရှားမှု၌ သံဃာတော်များ၏ “သောသုဇန ဘိက္ခူ” ဟူသော စည်းရုံးရေးကို သတိထားမိမည် ထင်ပါသည်။ ၎င်းသည် ဗုဒ္ဓဘာသာ တက္ကသိုလ်မှ စာသင်သား သံဃာများ၏ အစည်းအရုံးဖြစ်သည်။ ထိုအဖွဲ့သည် သံဃာတော်များ၏ ကျောင်းသားသမဂ္ဂဟု ကောက်ချက်ချပါသည်။ ထို့အစည်းအရုံးအားလည်း ကျောင်းသားအင် အားစုအဖြစ် သတ်မှတ်သင့်ပါသည်။ ကျောင်းသားညီညွတ်ရေး လှုပ်ရှားမှုတွင် ထို “သောသုဇန ဘိက္ခူ” အဖွဲ့အားထည့်သွင်းရမည်ဟု မြင်ပါသည်။ဤသည် မကဒတ ရှေ့ဆက်လက်လှမ်းရမည့် နိုင်ငံရေးခြေလှမ်းများထဲမှ ပထမခြေလှမ်းပင်ဖြစ်သည်။ ကျောင်းသား ညီညွတ်ရေးမှတဆင့် တိုက်ပွဲဝင် အင်အားစုများ ညီ ညွတ်ရေးကို လှမ်းရပါမည်။ ယနေ့ဗမာပြည်၏ တိုက်ပွဲသော့ချက်သည် တိုက်ပွဲဝင်အင်အားစုများ ညီညွတ်ရေးပင်ဖြစ်သည်။ စစ်အာဏာရှင် တိုက်ဖျက်ရေး ရည်ရွယ် ချက်ဖြင့် ဘုံတူညီချက်ရှာကာ စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲဝင်အင်အားစုများအား ညီညွတ်ရေး တည်ဆောက်ရမည် ဖြစ်သည်။ တိုက်မရရင် သူ့အောက်ဝင် ဆို သည့် အယူအမြင်ရှိသူများနှင့်၊ ကယ်တင်ရှင် မျှော်သူများနှင့်တော့ ညီညွတ်ရေး တည်ဆောက်ရန် မလိုပါ။ တတ်ကြွသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လုပ်ဟန်ရှိ သည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမဆိုနှင့် ညီညွတ်ရေးတည်ဆောက်ရမည်။ အဓိက အားဖြင့် ပြည်တွင်းရှိ တိုက်ပွဲဝင် အင်အားစုများနှင့် ညီညွတ်ရေးကို တည် ဆောက်ရမည်ဖြစ်သည်။ ၂၁ ရာစု၏ ပထမမျိုးဆက်သည် အားကောင်းမောင်းသန်သော နိုးကြားမှုများဖြင့် ဗမာပြည်နိုင်ငံရေး စာမျက်နှာတွင် ရောက်ရှိလာချေပြီ။ ကမ္ဘာလောကတွင် ဖြစ်တည်နေ သမျှ အရာအားလုံးသည် သင်္ခါရ ဓမ္မသာလျှင် တည်မြဲသည်။ အဟောင်းချုပ်ငြိမ်းလျှင် အသစ်ဖြစ်တည်ပါသည်။ ဟောင်းနွမ်းဆွေးမြေ့နေသည့် အဟောင်း၏နေရာတွင် အသစ်သည် လက်ဆက်အားကောင်းစွာ အစားထိုးလေ့ရှိပါသည်။ ငါတို့လုပ်မှရမယ်၊ ငါတို့ခေါင်းဆောင်မှ ရမယ်ဟူသည့် ကယ်တင်ရှင်ဝါဒ အတွေးအခေါ်သည် ခေတ်မ မီတော့ပါ။ သခင်မျိုးဆက် နယ်ချဲ့ဆန့်ကျင်ရေး ကွင်းသို့ ၀င်ရောက်လာသောအခါ ၀ံဿနုမျိုးဆက် ဖယ်ပေးရပါသည်။ သမိုင်း သံဝေဂ သည် ယူတတ်လျင် မြတ်ပါ သည်။ တသီးတခြား အလေးပြုချင်သူ ရှိပါသည်။ ကျောင်းသားလှုပ်ရှားမှု ၇၀ စုနှစ်များ မျိုးဆက်ဖြစ်သည့် ရဲဘော် မောင်မောင်တိတ်ကို အလေးပြုပါသည်။ သူသည် ကျောင်း သား တိုက်ပွဲ အားလုံးကို အဆက်မပြတ်တမ်း တတ်ကြွသည့် အခန်းမှ လိုက်ပါခဲ့သည့် တိုးတတ်အင်အားစုဖြစ်ပါသည်။ ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာရှိပါ သည်။
တပ်ဦးအခန်းကို မြင့်တင်ကြစစ်အာဏာရှင်စနစ် မုချကျဆုံးရမည်ဒီအရေးတော်ပုံအောင်ရမည်
ရဲဘော် မြင့်ဘုန်းနိုင်(ABSDF ဒုတိယ မျိုးဆက်ဝင်တဦး
. ၂၀၀၉ ခုနှစ် မိတ်ဆက်
အင်း --နှစ်ကူးအထိမ်းအမှတ်တွေပီးလာတော့ ၊ ကျနော့ဘလော့မှာ
(ကိုယ်ရေးသမိုင်း)ရယ် ၊ မျက်မှောက်အခြေအနေကိုဝေဖန်တဲ့  ( ဝေဖန်ရေး)ရယ် ၊ ကျနော်ဖြတ်သန်းခဲ့ရတဲ့ (ဘ၀အတွေ့ အကြုံ) ရယ် ၊ ကျနော့ရင်ထဲက (ရသ စာပေ ) တို့ ကိုတင်ပြဖို့ 
စိတ်ကူးထားပါတယ် ။ ရသ စာပေဆိုလို့  စိတ်ကူးတော့မယဉ်ကြပါနဲ့  ။ ရုဒ္ဒရသတို့ ဖရုဿရသတို့ လဲပါချင်ပါမှာနော်။ ကျနော်ကအပြောမှာဗိုလ်ချုပ်အောင်ဆန်းကို ခရေဇီဖြစ်တော့ သူပြောတဲ့အတိုင်းတခါတလေပြောချင်လာတယ်ခင်ဗျ ၊ ဥပမာ- အခု ကျနော်တို့ ဗမာတွေဟာ ဗိုလ်ချုပ်ပြောတဲ့ အတို်င်း မလုပ်လို့ လွတ်လပ်ရေးမရတာပါဗျာ ။ ဗိုလ်ချုပ်ပြောခဲ့တာက လွတ်လပ်ရေး ရချင်ရင် ( ပြဲ အောင်လုပ်ရမယ်) တဲ့ခင်ဗျ ။ သူကပြည်တွင်းမှာလုပ်ဖို့  ပြောတါပါ ။ အခုတော့တချို့ ကပြည်ပမှာ သွားပီး ပြဲအောင်လုပ်နေကြရတာခင်ဗျ ၊ စိတ်မကောင်းစရာပါဘဲဗျာ ၊ ဒီတော့ ဗိုလ်ချုပ်ကိုချစ်ရင် သူပြောတဲ့အတိုင်း ပြည်တွင်းမှာ ပြဲအောင်လုပ်ကြရင်မကောင်းဘူးလား ၊ သူပြောတဲ့ပြဲအောင်ဆိုတာက လက်သီးလက်မောင်းတန်းပီးဆန္ဒပြရုံမဟုတ်ဘဲ နင်လားငါလားနဖူးကွဲ ဒူးပြဲ တိုက်ခိုက်ရုန်းကန်ဆန့် ကျင်ဖို့ ပြောတာလို့ ကျနော်နားလည်ပါ တယ်ဗျာ ။ ( ဂျင်းရှပ်) အတွေးအခေါ်ဟာ ( ထမင်းငတ်) မယ့် အတွေးအခေါ်ဖြစ်ပါကြောင်း ၊ ကျေးဇူးတင်ပါတယ်ဗျာ .