ဒါနဲ့ မန္တလေးကိုရောက်တော့မန္တလေးဘူတာကြီးမှာရှိတဲ့ညီအကိုဝမ်းကွဲတော်သူ ကိုရှာတော့လွယ်လွယ်နဲ့ တွေ့ ပါတယ်။မတွေ့ ခံနိုင်ရိုးလား သူ့ အဖေကမီးရထားဂါတ်ဗိုလ်လေ။ ဒါနဲ့ ညနေပိုင်းမှာသူနဲ့ အတူ မိုးကုတ်-မန်း ကားဂိတ်မှာကားလက်မှတ်ဝယ်၊ သူတို့ အိမ်(မီးရထားစီဘီလိုင်း)မှာတညအိပ်၊ နောက်နေ့ မိုးကုတ်ကိုခပ်တည်တည်နဲ့ ထွက်ခဲ့တာပါပဲ။ဒီခရီးမှာ ကျနော်အမှတ်အရဆုံးက လက်ပံလှဆိုတဲ့ရွာရောက်တော့ခရီးသည်တင်ဘတ်စ်ကားရပ်ပီးထမင်းစားကြပါတယ်။ ဆာလို့ လား-ရာသီဥတုပြောင်းလို့ လား -အချက်အပြုတ်ပြောင်းလို့ လားတော့မသိပါ ၊ ထမင်းတော်တော်စားလို့ ကောင်းခဲ့ပါတယ်။ ဒီလိုနဲ့ မိုးကုတ်ကိုနေ၀င်ဖြိုးဖြမှာ ရောက်ခဲ့ပါတယ်။မိုးကုတ်ကျောက်မျက်ရတနာကော်ပိုရေးရှင်းမှာကျနော်နဲ့ တက္ကသိုလ်မှာကျောင်းအတူနေခဲ့ တဲ့ကျနော်တို့ မြို့ ကအကိုတယောက်ရှိပါတယ်။ကျနော်သူ့ ကိုရှာပီးတည်းခိုခဲ့ ပါတယ်။သူကကျနော့ကိုတွေ့ တော့ဝမ်းနည်းဝမ်းသာနဲ့ ကျနော့ကိုမေးရှာပါတယ်-ဟေ့ရောင်မင်းတောခိုမလို့ လား---တဲ့။ကျနော်က ဟာဗျာ-ပေါက်ပေါက်ရှာရှာ-မဟုတ်ပါဘူး။ ကျနော်ဒီဘက်ရောက်ရင်းအကို့ ကိုလာတွေ့ တာပါလို့ ပြောတော့ သူက၀မ်းသာနေတာပေါ့။ ဒါနဲ့ သူ့ ဆီမှာမိုးကုတ်မြို့ အကြောင်းကိုယ်သိချင်တာလေးတွေစုံစမ်းမေးမြန်းပီးနောက်နေ့ မှာ မိုးကုတ်ဈေးထဲကိုထွက်လာခဲ့ပါတယ်။ ဈေးထဲရောက်တော့ ကုန်စိမ်းတန်းမှာ ကျနော်ရှာတဲ့သူမကိုတွေ့ ရပါတယ်။ ရွက်ကြမ်းရေချိုမျက်နှာနဲ့တရုပ်တိုင်းရင်းသူတယောက်ပါ။ ကျနော့ထက်လေးငါးနှစ်လောက်အသက်ကြီးပါတယ်။သူ့ ဆိုင်မှာစကားဝှက်အတိုင်းကြက်ဥ၀ယ်ရင်း-သူ့ ကိုကျနော့မှာပါလာတဲ့ တကျပ်တန်တပိုင်းလေးကိုအပေါ်ဆုံးမှာထားပီးပိုက်ဆံရှင်းလိုက်ပါတယ်။ ကျနော်ကတော့ခပ်တည်တည်ပါပဲ။ သူကတော့ကျနော်ပေးတဲ့ပိုက်ဆံကိုယူ- အပေါ်ဆုံးကတကျပ်တန်ဖြတ်ပိုင်းလေးကိုကြည့်ပီးဂဏှာမငြိမ်ဖြစ်နေရှာပါတယ်။ ဒီလိုအဆက်အသွယ်မျိုးကိုသူဘယ်လောက်စောင့်စားနေခဲ့ရတာပါလိမ့် ။ ဘေးကသူ့ လိုဆိုင်တွေကသူ့ လိုအမျိုးသမီးတွေကနီးနီးကပ်ကပ်ပါ။ သူ့ မျက်နှာကိုကြည့်ပီး-သူမျက်ဝန်းတွေကိုကြည့်ပီး သူတို့ ကပါနားလည်ပေးခဲ့ ကြပါတယ်။ သူ ဗမာပြည်ကွန်မြူနစ်ပါတီကိုပြန်လည်ဆက်သွယ်ခွင့်ရခဲ့ပြန်ပါပီ။ ပြည်သူကိုအလုပ်အကြွေးပြုခွင့်ရခဲ့ ပြန်ပါပီ။ သူ--မျက်ရည်တွေကျတော့မလို ဖြစ်နေတုန်း ကျနော်သူ့ ဆိုင်ကထွက်မလို့ ပြင်နေချိန်မှာ သူကတိုးတင်းညင်သာစွာနဲ့ ညနေပိုင်းမှာသူ့ အိမ်မှာတွေ့ ဖို့ ဖိတ်ကြားခဲ့ ပါတယ်။ သူ့ လိပ်စာကတော့ကျနော်သိပီးသားပါ။ သူဟာပါတီဝင်တယောက်မဟုတ်ပါဘူး၊ သာမန်ပြည်သူတယောက်၊ ကွန်မြူနစ်ပါတီကိုယုံကြည်လေးစားတဲ့ သူတယောက်ပါပဲဗျာ။ သူ့ ဘေးဆိုင်ကအမျိုးသမီးတွေကလဲ ပါတီနဲ့ မဆက်စပ်ခဲ့ ပါဘူးဗျာ။ ဒါပေမယ့်သူတို့ အားလုံးကျနော့ကိုကူညီခဲ့ကြတာတော့-ကျနော်ဘယ်တော့မှ-မမေ့နိုင်ကြောင်းပါ-ဗျာ။
Thursday, April 11, 2013

Subscribe to:
Post Comments (Atom)

No comments:
Post a Comment